“ရည်ညွှန်းဈေးအပေါ် အခွန် ၃ ရာခိုင်နှုန်းအပါအဝင် ထိုက်သင့်တဲ့နှုန်းထားတစ်ခု ထည့်ပေါင်း၍ ရွှေဆိုင်များအား ရောင်းချခွင့်ပြုထား”
28 Nov
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ရန်ကုန်မြို့အတွင်းရှိ ရွှေဆိုင်များအား အရောင်းအဝယ် ပြုလုပ်ရာတွင် ရည်ညွှန်းဈေးအပေါ် အခွန် ၃ ရာခိုင်နှုန်းအပါအဝင် ထိုက်သင့်တဲ့နှုန်းထားတစ်ခု ထည့်ပေါင်းရောင်းချ ခွင့်ပြုထားကြောင်း သိရပါတယ်။ ဒါ့အပြင် သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းချခြင်းရှိ/မရှိကို လစဉ်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး သတ်မှတ် စည်းကမ်းများအတိုင်း ရောင်းချမှုမရှိပါက တည်ဆဲဥပဒေများအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ရွှေဆိုင်များ အနေနဲ့ အရောင်းအဝယ်ပြုလုပ်ရာမှာ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးအပေါ် အခွန် ၃ ရာခိုင်နှုန်း၊ ဝန်ထမ်းစရိတ်များနဲ့ အထွေထွေကုန်ကျစရိတ်များကို ထိုက်သင့်တဲ့ နှုန်းထားတစ်ခု ထည့်ပေါင်းရောင်းချဖို့ ခွင့်ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် က ပြောကြားခဲ့ပါတယ်။ ရွှေဆိုင်များကို လစဉ်စစ်ဆေးရာ၌ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးစာရင်းစစ်ဆေးရေးအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များနဲ့ စစ်ဆေးခြင်းဖြစ်ပြီး လက်ရှိတွင် ရွှေဆိုင်တချို့က ရည်ညွှန်းဈေးအတိုင်း ရောင်းချနေသော်လည်း တချို့ဆိုင်များမှာ စည်းကမ်းဖောက်ဖျက်မှုများ ရှိနေတာကြောင့် တိုင်ကြားခြင်းများရှိလာပါက အရေးယူဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)