ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်ချေးငွေများ ပြန်လည်ကောက်ခံရရှိရေး ဆွေးနွေးပွဲကျင်းပ
27 Novရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပမာဏ ကျပ် သိန်းနှစ်ရာနှင့်အထက် ထုတ်ယူ ထားတဲ့ ကုမ္ပဏီ၊ လုပ်ငန်းရှင်များထံမှ ချေးငွေအမြန်ဆုံး ပြန်လည်ကောက်ခံရရှိရေးအတွက် ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း နှင့်အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ချေးငွေအများဆုံး ထုတ်ယူထားတဲ့ တိုင်းဒေသကြီးဖြစ်ပြီး ပြန်လည်ပေးဆပ်ရန် အများဆုံးကျန်ရှိနေသည့် တိုင်းဒေသကြီးဖြစ်လို့ ကိုဗစ်-၁၉ ကာလတွင် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက် အရ ချေးငွေပမာဏ ကျပ်သိန်းနှစ်ရာနှင့်အထက် ကုမ္ပဏီ၊ လုပ်ငန်းရှင်များအား အဓိကထား ခေါ်ယူတွေ့ဆုံခြင်း ဖြစ်ပြီး ချေးငွေများကို သုံးကြိမ်ခွဲပြီး ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း အကျေပေးဆပ်ရန်နှင့် ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသည့် ကုမ္ပဏီ၊ လုပ်ငန်းများကို စီမံခန့်ခွဲမှုနည်းလမ်းများနှင့် အရေးယူဆောင်ရွက်ရခြင်းထက် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်ပိုင်ငွေအား ပြန်လည်ပေးဆပ်ရမည့် အသိစိတ်ဓာတ်နဲ့ ပြန်လည်ပေးဆပ် စေလိုကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း က ချေးငွေများ အမြန်ဆုံးပြန်လည်ပေးဆပ်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပြီး ဆက်လက်၍ ချေးငွေထုတ်ယူထားသော လုပ်ငန်းရှင်များက အသီးသီးဆွေးနွေးကြပြီး ဆွေးနွေးချက်များနှင့် ပတ်သက်၍ တာဝန်ရှိသူများက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။(NVS 004)