ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကျောင်းသား/ကျောင်းသူ ၆၀၀ ကျော် ဝင်ခွင့်ရ
27 Nov
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သော ကျောင်းသား/ကျောင်းသူ ၆၀၀ ကျော် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဝင်ခွင့်ရခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်ပညာရေးတက္ကသိုလ်သည် အခြေခံပညာ၏ Grade-10 ၊ Grade-11 နှင့် Grade-12 သင်ရိုးများနှင့် ပညာရေးသဘောတရားနှင့် ပညာရေး စီမံခန့်ခွဲမှု၊ ပညာရေးစိတ်ပညာ၊ သင်ပြနည်းနှင့် သင်ရိုးညွှန်းတမ်း၊ ကာယနှင့် ကျောင်းကျန်းမာရေး စတဲ့ ပညာရေးဘာသာရပ်များ ပေါင်းစပ်ပြီး ကျောင်းသား/ကျောင်းသူများ လက်တွေ့ဘဝတွင် အမှန်တကယ် ပြန်လည်အသုံးချနိုင်ရန် သင်ကြားပေးလျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ထူးချွန်သော ဆရာ/ဆရာမကောင်းများဖြစ်လာစေရန် ကမ္ဘာသုံး၊ အတန်းတွင်းသုံး အကဲဖြတ် စစ်ဆေးနည်းစနစ်များစွာနဲ့ ကျောင်းသား/ကျောင်းသူများ၏ အရည်အသွေးကို နှစ်စဉ်စစ်ဆေးခြင်း၊ လက်တွေ့နှင့် တန်းပြဆင်းစေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်ကြားရေးနည်းစနစ်များတွင် ကျောင်းသား ဗဟိုပြုနည်းလမ်း(Student-centered Approach)၊ ကျောင်းသားအချင်းချင်း အဖွဲ့လိုက်ဆွေးနွေးခြင်း(Group Discussion)၊ အချင်းချင်းအကဲဖြတ်စစ်ဆေးခြင်း(Peer Assessment)နှင့် စာကြည့်တိုက်အခြေပြု ပရောဂျက် (Library-Based Project)တို့ဖြင့် သင်ကြား၊ သင်ယူမှုပြုလုပ်လျက်ရှိပါတယ်။ ရန်ကုန်ပညာရေးတက္ကသိုလ်ဟာ မြန်မာ့ပညာရေးကဏ္ဍတွင် ဦးဆောင်ဦးရွက်ပြုနိုင်မည့် ပညာရှင်များကို နှစ်စဉ်မွေးထုတ်ပေးနေသော ဦးဆောင်ပညာရေးတက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းအသီးသီးကို နိုဝင်ဘာလ ၂၄ ရက်မှစ၍ စတင်ဖွင့်လှစ်သင်ကြားခြင်း၊ စာကြည့်တိုက်မိတ်ဆက်ခြင်း (Library Orientation)ကိုလည်း ပထမနှစ်ကျောင်းသား/ကျောင်းသူများအတွက် ပြုလုပ်ပေးပြီးဖြစ်ကြောင်း သိရပါတယ်။(NVS 004)