ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို ဘဏ်များ၌ ချေးငွေလျှောက်ထားနိုင်ပြီ
27 Nov
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို မြန်မာ့စီးပွားရေးဘဏ်(MEB)နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) တို့အပြင် အခြားဘဏ် ၁၂ ခုတွင်လည်း ချေးငွေများလျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှ နိုဝင်ဘာလ ၂၆ ရက်တွင် အသိပေးထုတ်ပြန်ထားပါတယ်။ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားခြင်းနှင့်ပတ်သက်၍ ယခင်က MEB နှင့် MADB ဘဏ်များ ၌သာ ချေးယူခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယခုအခါ PFI (Participating Financial Institutions) ဘဏ်များဖြစ်သည့် KBZ, AYA, MAB, MCB, UAB၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီတောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်၊ ရွှေ (ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးရေးဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ ခရီးသွားဘဏ်၊ မြန်မာမက်ထရိုဘဏ်နှင့် သတ္တုဖွံ့ဖြိုးရေးဘဏ် တို့တွင်လည်း လျှောက်ထားချေးယူနိုင်ပြီ ဖြစ်ကြောင်း အသိပေးထားပါတယ်။ ချေးငွေရယူလိုသည့် ဆီစက်အသင်းဝင်များအနေဖြင့် ချေးငွေလျှောက်လွှာပုံစံသစ်ကို အသင်းရုံးခန်းတွင် ဆက်သွယ်တောင်းယူနိုင်ပြီး သက်ဆိုင်ရာဒေသစက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီဌာနရုံးမှတစ်ဆင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ ထောက်ခံချက်နဲ့လျှောက်ထားနိုင်ကြောင်း အသိပေးထားပါတယ်။ အခြားဘဏ်တွင် ချေးငွေရယူထားပြီး အပေါင်ပစ္စည်း သီးခြားမရှိသူများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ PFI ဘဏ်များသို့ ဆီစက် ဖွံ့ဖြိုးရေးချေးငွေခေါင်းစဉ်နဲ့ ပြောင်းလဲလျှောက်ထား ရယူနိုင်ပြီဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၂၁၃၀၄၄၅ ၊ ၀၉-၇၉၉ ၅၄၀၀၅၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။(NVS 004)