မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အိမ်အရောက်စနစ်နဲ့ ပို့‌ဆောင်ပေးမည့် ဆန်ဈေးနှုန်းများ ထုတ်ပြန်

27 Nov

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း တို့ပူးပေါင်းပြီး အိမ်အရောက် စနစ်နဲ့ ပို့ဆောင်ရောင်းချပေးမည့် ပေါ်ဆန်းဆန်အပါအဝင် ဆန်အမျိုးအစား ၇ မျိုးအတွက် ဈေးနှုန်းများကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ဈေးနှုန်းသတ်မှတ်ချက်အရ ရွှေဘိုပေါ်ဆန်း(ဟောင်း) ၁၀၈ ပေါင်/၂၄ ပြည်တစ်အိတ် ကျပ် ၁၈၀,၀၀၀၊ ဧရာဝတီပေါ်ဆန်း(ကြားပျံ)ဟောင်းတစ်အိတ် ကျပ် ၁၅၀,၀၀၀ ၊ ဧရာဝတီပေါ်ဆန်းကြားပျံအသစ်တစ်အိတ် ကျပ် ၁၃၀,၀၀၀၊ ဧရာဝတီပေါ်ဆန်း(နယ်စုံ)ဟောင်းတစ်အိတ် ကျပ် ၁၂၅,၀၀၀၊ ဧရာဝတီပေါ်ဆန်း(နယ်စုံ)အသစ် တစ်အိတ် ကျပ် ၁၁၅,၀၀၀၊ ရက် ၉၀ ဆန်တစ်အိတ် ကျပ် ၇၅,၀၀၀ ကျပ်နဲ့ ဧည့်မထ(၁၅ မှတ်)ဆန်တစ်အိတ် ကျပ် ၅၀,၀၀၀ နဲ့ ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။ စားသုံးသူတွေအနေနဲ့ မှာယူလိုတဲ့ဆန်အမျိုးအစားနဲ့ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဖုန်း ၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀၀၀၆၇၂၅၀၊ ၀၉-၄၀၀၀၆၇၂၆၀ တို့ကို SMS ဒါမှမဟုတ် Viber တို့ကနေ မှာယူနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို ငွေကြိုတင်ပေးသွင်းရမည့် KBZ Pay နံပါတ်ကို စားသုံးသူများထံသို့ ပြန်ကြားပေးမှာဖြစ်ပါတယ်။ ငွေပေးသွင်းပြီး ၃ ရက်အတွင်း ဆန်အိတ်များကို Delivery အခမဲ့ဖြင့် အရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် အထပ်မြင့်ကို ပေးပို့ရပါက ထိုက်သင့်တဲ့ဝန်ဆောင်ခ ထပ်မံပေးရမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပေါ်ဆန်းဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရန်အတွက် နိုဝင်ဘာလ ၂၆ ရက်မှစပြီး ၁၀၈ ပေါင် (၂၄ ပြည်)အိတ်အကြီးတွေကို အိမ်အရောက်ပို့စနစ်နဲ့ ရောင်းချမှာဖြစ်ပြီး ဆန်အိတ်အသေးတွေကို ရပ်ကွက်နဲ့ ဈေးများသို့လည်း လှည့်လည်ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။(NVS 004)

27 Nov

ADVERTISE HERE .