ပဲခူးတိုင်းဒေသကြီးသို့ ခရီးသွားဧည့်သည် ၄ သိန်းနီးပါး ၁၀ လတာအတွင်းဝင်ရောက်ခဲ့
27 Nov
ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာအတွင်း ခရီးသွားဧည့်သည် ၄၀၀,၀၀၀ နီးပါး ဝင်ရောက်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။ စာရင်းများအရ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကာလတူ ၁၀ လအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်ဦးရေ ၃၆၀,၀၀၀ ခန့်ဝင်ရောက်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်ဦးရေ ၃၉၀,၀၀၀ ခန့်အထိ တိုးတက်ဝင်ရောက်ခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွာ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပဲခူးတိုင်းဒေသကြီး အတွင်းမှာ ဘုရားစေတီပုထိုးနဲ့ လည်ပတ်စရာနေရာ များပြားတာကြောင့် ပွဲတော်ရက်ရှိတဲ့အချိန်များတွင် ခရီးသွား များပြားသဖြင့် ဟိုတယ်၊ တည်းခိုခန်းများအပြင် ဘုန်းကြီးကျောင်းနဲ့ ကျန်နေရာများတွင်ပါ တည်းခိုနေတာကို တွေ့မြင်ရပြီး ယခုနှစ်ခရီးသွားရာသီတွင် ခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်ဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီးမှာ ဘုရားဖူးခရီးစဉ် ၃၂ ခု၊ Eco Tourism ၈ ခု၊ ယဉ်ကျေးမှုခရီးသွားနေရာ၂ ခု၊ စုစုပေါင်း ခရီးစဉ်နေရာဒေသ ၄၂ ခုဖော်ဆောင်ထားပြီး ခရီးသွားဧည့်သည်များက ကမ္ဘောဇသာဒီရွှေနန်းတော်၊ ရွှေမော်ဓော စေတီနှင့် ကျိုက်ပေါစေတီ စတဲ့နေရာများသို့ သွားရောက်လည်ပတ်မှုများပြားသလို အခြားခရီးစဉ်ဒေသများသို့လည်း လည်ပတ်လေ့ရှိကြောင်း သိရပါတယ်။(NVS 004)