အတွင်းရေးမှူးချုပ် ဂူတာရက်စ် ရဲ့နေရာကိုဆက်ခံမည့် အမျိုးသမီးများအမည်စာရင်းတင်သွင်းရန် အဖွဲ့ဝင် နိုင်ငံများကို ကုလတိုက်တွန်း

27 Nov

ကုလသမဂ္ဂသည် နောက်တက်မည့်အတွင်းရေးမှူးချုပ်အတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များကို စတင် လုပ်ဆောင်နေပြီး အဆိုပါထိပ်တန်းရာထူးနေရာအတွက် အမျိုးသမီးများအား အမည်စာရင်းတင်သွင်းကြရန် အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းထားသည်။ လက်ရှိအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် သည် ၎င်း၏ ဒုတိယငါးနှစ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၆ ခုနှစ်ကုန်တွင် ရာထူးမှ အနားယူတော့မည်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌ အန်နာလီနာ ဘာဘော့ခ် နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ မိုက်ကယ်အင်မ်ရန် ကနူး တို့သည် ဂူတာရက်စ် ၏နေရာ ဆက်ခံမည့်သူကို ရွေးချယ်ရန်လုပ်ငန်းစဉ်များ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း နိုဝင်ဘာလ ၂၅ ရက်တွင် ပူးတွဲထုတ်ပြန်ထားသည်။ အဆိုပါထုတ်ပြန်ချက်တွင် ကိုယ်စားလှယ်လောင်းများသည် ကောင်းမွန်သော သံတမန်ဆက်ဆံရေးနှင့် ဘာသာစကားကျွမ်းကျင်မှုများအပြင် အခြားသောလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိရန်လိုအပ်သည်ဟု ဖော်ပြထား သည်။ ထို့ပြင် အတွင်းရေးမှူးချုပ်ရာထူးကို အမျိုးသမီးများထမ်းဆောင်ဖူးခြင်း မရှိသေးသည့်အတွက် နောင်တရမိ ကြောင်းဖော်ပြထားပြီး အမျိုးသမီးကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်းကို အလေးအနက်ထား စဉ်းစားရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းထားသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

27 Nov

ADVERTISE HERE .