စီရော်နယ်ဒို ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲ၌ ကစားခွင့်ရရှိ

27 Nov

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို ဟာ အိုင်ယာလန်အသင်းနဲ့ကစားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အနီကတ် ပြသခံရမှုကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံရမှုကို အယူခံဝင်ခဲ့ရာ အောင်မြင်ခဲ့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်ကို ကစားခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။ အသက် ၄၀ အရွယ် စီရော်နယ်ဒို ဟာ အခုလအစောပိုင်းမှာ ကစားခဲ့တဲ့ အိုင်ယာလန်အသင်းနဲ့ပွဲစဉ်မှာ အိုင်ယာလန်နောက်ခံလူ အိုရှေး ကို ကြမ်းတမ်းစွာကစားမှုကြောင့် အနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါပြစ်ဒဏ်ကြောင့် စီရော်နယ်ဒို အနေနဲ့ နိုဝင်ဘာလ ၁၆ ရက်မှာကစားခဲ့တဲ့ အာမေးနီးယားအသင်းနဲ့ပွဲကို လွဲချော်ခဲ့ရသလို နောက်ဆက်တွဲ ပွဲပယ်ပြစ်ဒဏ်အဖြစ် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကိုပါ လွဲချော်ဖို့ဖြစ်လာခဲ့ပါတယ်။ သို့သော် ဖီဖာရဲ့ထုတ်ပြန်ချက်မှာ စီရော်နယ်ဒို ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို တစ်နှစ်ဆိုင်းငံ့အဖြစ် သတ်မှတ်လိုက်ပြီး ၎င်းကာလအတွင်း စီရော်နယ်ဒို အနေနဲ့ ကြမ်းတမ်းတဲ့အပြုအမူမျိုး ထပ်မံကျူးလွန်ခဲ့ပါက အဆိုပါပြစ်ဒဏ်ကို ချက်ခြင်းကျခံရမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ စီရော်နယ်ဒို ဟာ ပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝ ၂၂၆ ပွဲမြောက်မှာ ပထမဆုံးအနီကတ်ကို ပြသ ခံခဲ့ရတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွင်း ပေါ်တူဂီအသင်းအတွက် ၅ ဂိုးသွင်းယူပေးထားတဲ့ ရော်နယ်ဒိုဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားသမားဘဝ ၆ ကြိမ်မြောက်အဖြစ် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး မက်ဆီ နဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲအကြိမ်ရေ အများဆုံးကစားထားသူအဖြစ် စံချိန်တင်နိုင်မှာဖြစ်ပါတယ်။(NVS 008)

27 Nov

ADVERTISE HERE .