မန်ယူအသင်းကစားသမားဟောင်း နာနီ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူမည်
26 Nov
မန်ယူအသင်း ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ နာနီ အနေနဲ့ လာမည့် ဒီဇင်ဘာလ ၈ ရက်တွင် ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူသွားမယ်လို့ အတည်ပြုကြေညာခဲ့ကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် နာနီ ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၀၅ ခုနှစ်မှာ စပို့တင်းလစ္စဘွန်း အသင်းနှင့် စတင်ခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်ပါတယ်။ မန်ယူအသင်းတွင် နည်းပြ ဖာဂူဆန် ၏လက်အောက်၌ အဓိက ကစားသမားတစ်ဦးအဖြစ် ကာလရှည် ကစားခဲ့ပြီး အသင်းနှင့်အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ မန်ယူအသင်းနှင့်အတူ ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားများစွာဆွတ်ခူးခဲ့ပြီး အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၂၁၉ ပွဲထိ ပါဝင်ကစားခဲ့ပါတယ်။ နာနီ အနေနဲ့ မန်ယူအသင်းမှ ထွက်ခွာခဲ့ပြီးနောက် စပို့တင်းလစ္စဘွန်း၊ ဖီနာဘာချီ၊ ဗလင်စီယာ၊ လာဇီယို၊ အော်လန်ဒို၊ မဲလ်ဘုန်း၊ ဒီမီယာစပေါလ် အသင်းတို့တွင် အဆင့်ဆင့်ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ပေါ်တူဂီကလပ် အေမာဒိုရာအသင်းထံ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ လာမည့် ဒီဇင်ဘာလ ၈ ရက်တွင် အေမာဒိုရာ အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူတော့မှာဖြစ်ပါတယ်။(NVS 008)