Naypyitaw State Polytechnic University(NSPU)၌ နျူးကလီးယားနှင့်သက်ဆိုင်သည့် သိပ္ပံပွဲတော် ၂၀၂၅ ကျင်းပ
26 Nov
ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM နှင့် မြန်မာနိုင်ငံသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ နျူးကလီးယားနှင့်သက်ဆိုင်သည့် သိပ္ပံပွဲတော် ၂၀၂၅ ကို နိုဝင်ဘာလ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Polytechnic University(NSPU)၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ၎င်းပွဲတော်၌ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် နျူကလီးယားဆိုင်ရာဉာဏ်စမ်းဂိမ်း ယှဉ်ပြိုင်မှုများကျင်းပ၍ ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ကာ Oliver Stone “Nuclear Now”မှတ်တမ်းရုပ်ရှင်၊ “ATOM Egypt ENG Master” နဲ့ “The City Falls Asleep” မှတ်တမ်းရုပ်ရှင်တိုများပြသခြင်း၊ “Nuclear Technology in Everyday Life5” ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးခြင်း၊ နျူကလီးယားဆိုင်ရာအသိပညာများမျှဝေခြင်းများ ပြုလုပ် ခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါသိပ္ပံပွဲတော် ကျင်းပခြင်းကြောင့် အခြေခံပညာအဆင့်မှ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများနှင့် ကဏ္ဍအသီးသီး၌ တာဝန်ထမ်းဆောင်နေသော လူငယ်ပညာရှင်များအထိ နျူကလီးယားပညာရပ်အပါအဝင် သိပ္ပံဆိုင်ရာ အသိအမြင်များ၊ အတွေ့အကြုံဗဟုသုတများ တိုးပွားလာစေခြင်း၊ သိပ္ပံပညာကို ပိုမိုစိတ်ဝင်စားစေပြီး သိပ္ပံပညာ ဆိုင်ရာ အသစ်အဆန်းများ လေ့လာစူးစမ်းလိုစိတ်ဖြစ်ပေါ်လာစေခြင်း၊ ပညာရေးကဏ္ဍတွင် လူငယ်များ၏ စိတ်ဓာတ် ခွန်အားကို မြှင့်တင်ပေးနိုင်ခြင်း၊ နိုင်ငံအတွင်း နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာများပြန့်ပွားလာမည်ဖြစ်၍ နိုင်ငံတော်၏ သိပ္ပံနှင့်နျူကလီးယားစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် များစွာအထောက်အကူ ပြုနိုင်သည့် အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ပွဲတော်သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်တက်ရောက်၍ ရုရှား ဖက်ဒရေးရှင်းနိုင်ငံကိုယ်စားလှယ်များနှင့်အတူ ကျောင်းသားများ၏ ပန်းချီပြပွဲနှင့် Project Shows ပြုလုပ်နေမှုများကို ကြည့်ရှုလေ့လာအားပေးခဲ့ကြကြောင်း သိရပါတယ်။(NVS 004)