တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် QR code ကို အတုပြုလုပ်နေကြောင်း‌ စာစစ်ဦးစီးဌာနမှ သတိပေး

26 Nov

တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မှာပါရှိတဲ့ QR Code ကို အတုပြုလုပ်ပြီး Website URL များသို့ ချိတ်ဆက်မှုတွေရှိနေတာကြောင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက နိုဝင်ဘာလ ၂၄ ရက်နေ့မှာ သတိပေးထုတ်ပြန်ထား ပါတယ်။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေနဲ့ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်တွေကနေစတင်ပြီး အောင်လက်မှတ်ပါ အချက်အလက်တွေကို စစ်ဆေးနိုင်ဖို့ မြန်မာနိုင်ငံက တရားဝင်အစိုးရဌာနတွေသာ အသုံးပြုနိုင်တဲ့ gov.mm ကိုအသုံးပြုထားတဲ့ QR Code ကို ထည့်သွင်းခဲ့တာဖြစ်သလို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website URL ဖြစ် တဲ့ verify.dme.gov.mm သို့သာ ချိတ်ဆက်ထားခြင်းဖြစ်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်အတုပြုလုပ်သူတွေရဲ့ လက်မှတ်အတုများမှာပါဝင်တဲ့ QR Code ကတော့ verify.dme.gov.mm သို့ ချိတ်ဆက်နိုင်မှာမဟုတ်ဘဲ အခြား Website URL တစ်ခုနဲ့ ချိတ်ဆက်ပြီး အတုအပ ပြုလုပ်နေခြင်းဖြစ်တယ်။ ဒါကြောင့်တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မှာပါတဲ့ QR Code ဟာ verify.dme.gov.mm သို့ချိတ်ဆက်ပြီး အချက်အလက်တွေ စစ်ဆေးအတည်ပြုနိုင်မှသာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးတဲ့ အောင်လက်မှတ်အစစ်ဖြစ်ကြောင်း အသိပေးထားပါတယ်။ အခြား Website URL များ သို့ ချိတ်ဆက် ဖော်ပြတဲ့ QR Code အတုပြုလုပ်မှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေနဲ့ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ ကို ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း အသိပေးကြေညာချက်အရ သိရပါတယ်။(NVS 004)

26 Nov

ADVERTISE HERE .