ဈေးကစားလိုမှုများကြောင့် ဈေးကွက်အတွင်း ဆေးဝါးလုံလောက်စွာ မရောက်ရှိဟုဆို

26 Nov

ပုံမှန်လိုင်စင်ခွင့်ပြုပေးမှုများ ရှိနေသော်လည်း ကုမ္ပဏီအချို့၏သွင်းကုန်ပစ္စည်းကိုထိန်းပြီး စျေးနှုန်းကစားလိုမှု၊ ရောက်ရှိပစ္စည်းကို ဈေးကွက်အတွင်း ထိန်းကျောင်းဖြန့်ဖြူးမှုတို့ကြောင့် ခွင့်ပြုသည့်ဆေးဝါးများ ဈေးကွက်အတွင်းသို့ လုံလောက်စွာဝင်ရောက်လာမှု လျော့နည်းရခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ က ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာလ ၂၄ ရက်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးအထောက်အကူပြုပစ္စည်းများ တင်သွင်းမှုမှသည်ထုတ်လုပ်မှုဆီသို့ ညှိနှိုင်းအစည်းအဝေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက လိုင်စင်များကို ခွင့်ပြုပေးနေသော်လည်း ဈေးကွက်အတွင်း၌ ဆေးဝါးဈေးနှုန်းများ ကျဆင်းလာခြင်းမရှိဘဲ ဆေးပစ္စည်းလိုအပ်ချက်များကိုလည်း ကြားသိနေရကြောင်းနှင့် ကုမ္ပဏီအချို့၏ သွင်းကုန် ပစ္စည်းကိုထိန်းပြီး စျေးနှုန်းကစားလိုမှု၊ ရောက်ရှိပစ္စည်းကို ဈေးကွက်အတွင်း ထိန်းကျောင်းဖြန့်ဖြူးမှုတို့ကြောင့် ခွင့်ပြုသည့်ဆေးဝါးများ ဈေးကွက်အတွင်းသို့ဝင်ရောက်လာမှု လျော့နည်းရခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ စျေးကွက်သဘောတရားအရ အရင်းအနှီးနှင့် စွမ်းဆောင်ရည်မြင့်မားသည့် ကုမ္ပဏီကြီးများအနေဖြင့် စျေးကွက်ကို လွှမ်းမိုးသည့်အခြေအနေ(Dominant Postion)ကို ပိုင်ဆိုင်နိုင်ကြကြောင်း၊ သို့ရာတွင် စျေးကွက်လွှမ်းမိုးထားသည့် အခြေအနေကို အသာစီးရယူပြီး ဆေးပစ္စည်းများ သိုလှောင်ထိန်းသိမ်းကာ ဈေးကွက်ကိုမကစားကြရန်၊ စျေးနှုန်း ထိန်းချုပ်ခြင်း မပြုလုပ်ကြရန်၊ အခြားပြိုင်ဘက်ကုမ္ပဏီများအား လုပ်ကိုင်နိုင်စွမ်းမရှိအောင် မပြုလုပ်ကြရန် အသိပေး ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး စာရင်းများအရ ဆေးဝါးကုမ္ပဏီ ၇၉၆ ခု၊ ဆေးပစ္စည်း ကုမ္ပဏီ ၆၄၆ ခုရှိကြောင်းသိရပြီး ဒါ့အပြင် ပြည်တွင်းဆေးဝါးစက်ရုံများအနေဖြင့် ပြည်တွင်း၌ ဆေးအမျိုးအစားများ ယခုထက်ပိုမို၍ စုံလင်ပြီး ထုတ်လုပ်နိုင်မည် ဆိုပါက နိုင်ငံတော်အတွက် နိုင်ငံခြားငွေအသုံးပြုမှု လျော့ကျသွားမည်ဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းများ လည်း ပိုမိုလာမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။(NVS 004)

26 Nov

ADVERTISE HERE .