ဧရာဝတီတိုင်းဒေသကြီးတွင် Export Zone အဖြစ် ဧက တစ်သိန်း အကောင်အထည်ဖော်ဆောင်ရွက်မည်

25 Nov

ဆန်စက်လုပ်ငန်းရှင်များ၊ နယူးဧရှား၊ TPC နှင့် UAB ဘဏ်တို့ပူးပေါင်း၍ စိုက်ပျိုးတောင်သူများ အကျိုးဖြစ်ထွန်းစေရေးဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ Export Zone ဧကတစ်သိန်း အကောင်အထည်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က ပြောကြားခဲ့ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ် က ကမ္ဘာ့ဆန်ဈေးနှုန်းပေါ်မူတည်ပြီး ပြည်တွင်းရှိ စပါးစိုက်တောင်သူများ ထိုက်သင့်သည့် အကျိုးအမြတ်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးစရိတ်များလည်း မြင့်မား လာပြီး တောင်သူများအတွက် အဓိကလိုအပ်သည့် သွင်းအားစုများ၊ ဓာတ်မြေဩဇာများအား အသက်သာဆုံး ဖြစ်အောင် နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း Export Zone ဧက တစ်သိန်း အကောင်အထည်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံ၍ Contract Farming စနစ် နဲ့ ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်း ခရိုင်အလိုက် လျာထားမှုများပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ပေါ်ဆန်းဖိုရမ်ပြုလုပ်၍ ဧရာဝတီပေါ်ဆန်း အရည်အသွေး ကောင်းမွန်ရေးကိုလည်း ဆွေးနွေးဆောင်ရွက်ခဲ့တဲ့အပြင် Export Zone တွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းလမ်း လေးသွယ်ကိုအခြေခံ၍ စနစ်တကျဖြင့် အရည်အသွေးရှိသည့် ဆန်စပါးများ ထုတ်လုပ် နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆန်စက်များ အရည်အသွေးကောင်းမွန်ရန်နှင့် စပါးခွံလောင်စာသုံး Gasifier စနစ်မှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်းမှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမှာဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ (NVS 004)

25 Nov

ADVERTISE HERE .