ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆေးဝါးတက္ကသိုလ်(ရန်ကုန်) အဆောက်အအုံ ဖွင့်လှစ်ပေးခဲ့

25 Nov

ဆေးဝါးတက္ကသိုလ်(ရန်ကုန်) ရှိ “ကံကော်ဆောင်” အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်တစ်ခု၏ အုပ်ချုပ်ရေး၊ သင်ကြားရေးအဆောက်အအုံ များ၊ ဆရာ/ဆရာမ ကျောင်းသားအချိုး၊ သင်ထောက်ကူပစ္စည်းများ ရရှိမှုအခြေအနေများအပြင် အေးချမ်းလုံခြုံစွာ နေထိုင်၍ ပညာသင်ကြားနိုင်ရန် ကျောင်းသား/ကျောင်းသူအဆောင်များ ထောက်ပံ့ဖြည့်ဆည်း စီစဉ်ဆောင်ရွက် ပေးနိုင်ခြင်းမှာလည်း တက္ကသိုလ်၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်(University Ranking)အတွက် အဆင့်အတန်း မြင့်မားရေးကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍအတွက် အထူး ရန်ပုံငွေများကို နှစ်စဉ်ချထားပေးလျက်ရှိရာ ဝန်ကြီးဌာနအနေဖြင့် ဆေးကုသဆောင်များ၊ ကျောင်းသား/ကျောင်းသူ အဆောင်များ၊ ဝန်ထမ်းအိမ်ရာများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်ဆောက်လုပ်ခြင်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရရှိပြီးသည့် ဆေးဝါးပညာရှင်များအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ဆေးဝါးထုတ်လုပ်ရေးစက်ရုံများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန် ကျေပွန်စွာ ထမ်းဆောင်နေကြသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အတူ ပြည်တွင်းရှိ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို နိုင်ငံတော်၏လိုအပ်ချက်နှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်ပေးနေကြောင်း၊ ထိုကဲ့သို့ မွေးထုတ်ပေးလျက်ရှိရာ ဆေးတက္ကသိုလ်များ၊ ဆေးပညာ နှီးနွှယ် တက္ကသိုလ်များနှင့် သူနာပြုသားဖွားသင်တန်းကျောင်းများမှ ယနေ့အထိ ဆေးပညာရှင် ဆရာဝန် ၄၉,၅၅၃ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် ၅,၇၄၅ ဦး၊ ဆေးဝါးပညာရှင် ၄,၅၀၇ ဦး၊ ဆေးဘက်ဆိုင်ရာပညာရှင် ၄,၈၄၅ ဦး၊ သူနာပြုသိပ္ပံနှင့် သူနာပြုသားဖွားဒီပလိုမာဘွဲ့ရ ၉၆,၄၅၄ ဦး၊ အခြေခံကျန်းမာရေးပညာရှင် ၂,၅၈၃ ဦးတို့ကို မွေးထုတ်ပေးပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အသစ်ဖွင့်လှစ်ခဲ့သည့် “ကံ့ကော်ဆောင်” သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စတင်ခဲ့ပြီး တန်ဖိုးငွေကျပ် သန်း ၁,၈၃၆ ဖြစ်ပြီး ကျောင်းသူ ၁၁၀ နေထိုင်နိုင်သည့် အကျယ်စတုရန်းပေ ၂၁,၆၀၀ ရှိ လေးထပ်ဆောင် ဖြစ်ပါတယ်။(NVS 004)

25 Nov

ADVERTISE HERE .