အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ဂုဏ်ပြုသည့် ရုပ်ရှင်ဇာတ်လမ်းတို ပြိုင်ပွဲကျင်းပမည်
25 Nov
ဒီဇင်ဘာလ ၃ ရက်တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” ကို ဂုဏ်ပြုသော အားဖြင့် ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲလုပ်ဆောင်မည်ဖြစ်ကြောင်း လမ်းပြကြယ် (Guiding Star) အဖွဲ့မှ သိရပါတယ်။ ဝါသနာရှင်များအတွက် ဗီဒီယိုအတိုများဖန်တီးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး မသန်စွမ်းသူများ၏ စွမ်းဆောင် ရည်နှင့် အားမာန်ကို ဖော်ကျုးနိုင်မည့်အစီအစဉ်ကို မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း အသိပေးထား ပါတယ်။ ပြိုင်ပွဲခေါင်းစဉ်များအဖြစ် ဘဝ၏စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ၍ လူ့အဖွဲ့အစည်းတွင် တန်းတူညီမျှ ပါဝင် လှုပ်ရှားနေမှုများ၊ လုပ်ငန်းခွင်၊ အနုပညာ၊ အားကစားနှင့် ဝါသနာများကို ကြိုးစားလုပ်ကိုင်နေမှုများ၊ အခက်အခဲများကြားမှ မလျှော့သော ဇွဲ၊ လုံ့လ၊ စွမ်းဆောင်ရည်များ၊ စိတ်အားတက်ကြွဖွယ်ရာနှင့် ပျော်ရွှင်ဖွယ်ရာ အပြုသဘောဆောင်သော ပုံရိပ်များကို ခေါင်းစဉ်လေးခုဖြင့် ပါဝင်နိုင်မည်ဖြစ်ပြီး ဗီဒီယိုကြာချိန် တစ်မိနစ်မှ သုံးမိနစ် အတွင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြိုင်ပွဲမှာ ဆုများအဖြစ် ပထမဆု ကျပ် လေးသိန်း၊ ဒုတိယဆု ကျပ် သုံးသိန်း၊ တတိယဆု ကျပ် တစ်သိန်းခွဲနှင့် နှစ်သိမ့်ဆု ၂ ဆု ကျပ်ငါးသောင်းစီ ချီးမြှင့်မှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဗီဒီယိုများကို ဒီဇင်ဘာလ ၅ ရက် ညနေ ၅ နာရီအထိ နောက်ဆုံးထားပေးပို့နိုင်ပြီ အသေးစိတ်အချက်အလက်များကို လမ်းပြကြယ်(Guiding Star) ၏ လူမှုကွန်ယက်စာမျက်နှာ facebook ကတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။(NVS 004)