အမေရိကန်နှင့် ယူကရိန်းတို့က အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်လည်ပြင်ဆင်မွမ်းမံရန် သဘောတူ

25 Nov

အမေရိကန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှ တာဝန်ရှိသူများက နိုဝင်ဘာလ ၂၃ ရက်တွင် ဂျီနီဗာမြို့၌တွေ့ဆုံ ပြီးနောက် အမေရိကန်သမ္မတ အဆိုပြုထားသော အချက်၂၈ ချက်ပါ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်လည် ပြင်ဆင်မွမ်းမံမှုလုပ်ဆောင်ရန် သဘောတူလိုက်ကြောင်းနှင့် နိုဝင်ဘာလ ၂၄ ရက်တွင် ဆွေးနွေးမှုများ ဆက်လုပ် နေကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြီးခဲ့သည့်သီတင်းပတ်တွင် အချက် ၂၈ ချက်ပါရှိသော ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်ကို ယူကရိန်းနိုင်ငံ၊ ဥရောပသမဂ္ဂတို့နှင့် တိုင်ပင်ခြင်းမပြုဘဲ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါအတည်ပြုပြီးသော ငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်လည်ပြင်ဆင်မွမ်းမံရန် ယူကရိန်းနှင့် သဘောတူညီချက်ရရှိခြင်းဖြစ်သည်။ အမေရိကန်သမ္မတက အတည်ပြုလိုက်သော အဆိုပါငြိမ်းချမ်းရေးအစီအစဉ်တွင် ယူကရိန်းအနေဖြင့် လက်ရှိ ရုရှားနိုင်ငံနှင့် ပေါင်းစည်းသွားသော နယ်မြေအချို့ကို စွန့်လွှတ်ရမည်ဖြစ်ကြောင်း၊ စစ်အင်အားကိုလည်း ကန့်သတ်ရမည်ဖြစ်ကြောင်း၊ NATO တပ်ဖွဲ့သို့ဝင်လိုသည့် ရည်မှန်းချက်ကိုလည်း စွန့်လွှတ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ လက်ရှိတွင် ယူကရိန်းငြိမ်းချမ်းရေး အစီအစဉ်နှင့်ပတ်သက်၍ မည်သည့်အချက်များအား ပြင်ဆင်မွမ်းမံသွားမည်ကို တိတိကျကျ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း RTA သတင်းဌာနဖော်ပြချက်အရ သိရသည်။

25 Nov

ADVERTISE HERE .