“မြန်မာနိုင်ငံသို့ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ အလက်ဇန္ဒားလူကာရှန်ကို ချစ်ကြည်ရေးခရီးလာရောက်မည်”
25 Nov
မြန်မာနိုင်ငံယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာအလက်ဇန္ဒားလူကာရှန်ကိုသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီးလာရောက်မည်ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့သည့် မတ်လတွင် မြန်မာနိုင်ငံတော် ယာယီသမ္မတသည် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်ကို၏ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။ သွားရောက်စဉ် ယာယီသမ္မတသည် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာလူကာရှန်ကိုနဲ့ လွတ်လပ်ရေးနန်းတော်တွင် တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ တွေ့ဆုံချိန်တွင် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးဆိုင်ရာများ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ရေး၊ ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။ ဘယ်လာရုစ်နိုင်ငံနှင့်ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုများ ရှိစေ နိုင်ကြောင်းနှင့် နှစ်နိုင်ငံကြားအကျိုးဖြစ်ထွန်းစေမည့် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကိုလည်း အောင်မြင်စွာ ကျင်းပခဲ့ကာ နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာသဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ထိုအတူ နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာ အားကောင်းလာ မည့် အခြေအနေများ၊ မြန်မာ-ဘယ်လာရုစ်ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာများ၊ မြန်မာ နိုင်ငံ၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS-004)