“စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို နိုင်ငံတော်ယာယီသမ္မတက ဖွင့်လှစ်ပေး”
24 Nov
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စိုက်ပျိုးရေး နှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) အား နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၂၃ ရက်နံနက်ပိုင်းမှာ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ ပါတယ်။ ယာယီသမ္မတက စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်) ပင်မဆောင်ဆိုင်းဘုတ်အား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးကာ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူပြုစေမည် ဖြစ်သည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းက အကျိုးပြုစေနိုင်တာကြောင့် ယခုဖွင့်လှစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်)သည် နိုင်ငံတော်၏ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အချင်းပြည့်ဝသည့် စိုက်ပျိုးရေးပညာသိပ္ပံဘွဲ့နှင့် မွေးမြူရေးပညာသိပ္ပံ ဘွဲ့ရပညာရှင်များ ပိုမိုသင်ကြားမွေးထုတ်ပေးနိုင်ရန်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ခေတ်မီနည်းပညာများ၊ အတတ်ပညာများ လေ့လာသင်ယူနိုင်ကြစေရန်နှင့် လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများကို ပိုမိုအားကောင်းစွာ ဆောင်ရွက် နိုင်ကြစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ (NVS-004)