ဘက်ထရီလျှပ်စစ်စက်ခေါင်းအသုံးပြုပြီး လေအေးပေးစက်ပါလေအိတ်ရထားတွဲဆိုင်းဖြင့် နေပြည်တော်-မန္တလေး ရထားလမ်းပိုင်းတွင် စတင်ပြေးဆွဲခြင်းအခမ်းအနားကျင်းပ

23 Nov

နေပြည်တော်-မန္တလေး ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်းအသုံးပြု၍ လေအေးပေးစက်ပါ လေအိတ်ရထားတွဲဆိုင်းဖြင့် စတင်ပြေးဆွဲခြင်းအခမ်းအနားကို နိုဝင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဘူတာကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အမှတ်(၂၇)အဆန် နေပြည်တော်-မန္တလေးရထားဖြင့် စီးနင်းလိုက်ပါမည့် ခရီးသွားပြည်သူများကို လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရပါတယ်။ အလားတူ မန္တလေးဘူတာကြီးတွင်လည်း အမှတ်(၂၈)အစုန် မန္တလေး-နေပြည်တော် ဘက်ထရီလျှပ်စစ် စက်ခေါင်းအသုံးပြု၍ လေအေးပေးစက်ပါ လေအိတ်ရထားတွဲဆိုင်းဖြင့် စတင်ပြေးဆွဲခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ အမှတ်(၂၇)အဆန်/ အမှတ်(၂၈)အစုန် ဘက်ထရီလျှပ်စစ်စက်ခေါင်းသုံး ခေတ်မီလေအေးပေးစက်ပါ ရထား တွဲဆိုင်းတွင် ရိုးရိုးတန်း ၂ တွဲ၊ လေအေးပေးစက်ပါ အထက်တန်း ၂ တွဲ၊ ဘရိတ်တွဲ ၁ တွဲ စုစုပေါင်း တွဲ ၅ တွဲဖြင့် ခရီးသည် ၂၃၈ ဦး လိုက်ပါစီးနင်းနိုင်မှာဖြစ်ပါတယ်။ အမှတ်(၂၈)အစုန်ရထားသည် မန္တလေးမှ နံနက် ၆ နာရီတွင် စတင် ထွက်ခွာ၍ နေပြည်တော်သို့ ၁၁ နာရီတွင် ဆိုက်ရောက်မှာဖြစ်ပြီး အမှတ်(၂၇)အဆန်ရထားသည် နေပြည်တော်မှ မွန်းတည့် ၁၂ နာရီတွင် စတင်ထွက်ခွာပြီး မန္တလေးသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မှာဖြစ်ပါတယ်။ မန္တလေးမှ ရန်ကုန်သို့ ဆက်လက်စီးနင်းလိုက်ပါလိုသည့် ခရီးသည်များအနေဖြင့် နေပြည်တော်-ရန်ကုန် အကြား ပြေးဆွဲပေးနေသော နေပြည်တော်မှ မွန်းတည့် ၁၂ နာရီတွင် စတင်ထွက်ခွာသည့် (၈)အစုန် ခေတ်မီ DEMU ရထားတွဲဆိုင်းများဖြင့်လည်းကောင်း၊ ရန်ကုန်မှ နံနက် ၆ နာရီတွင် ထွက်ခွာလာသည့် အမှတ်(၃၁)အဆန် DEMU ရထားတွဲဆိုင်းဖြင့် လိုက်ပါလာသည့် ခရီးသည်များအနေဖြင့် မန္တလေးသို့ အမှတ်(၂၇)အဆန်ရထားဖြင့်လည်းကောင်း တွဲကူးပြောင်း၍ ဆက်လက်စီးနင်းလိုက်ပါနိုင်မှာ ဖြစ်ပါတယ်။ အမှတ်(၂၇)အဆန်/(၂၈)အစုန်ရထား၏ မန္တလေး-နေပြည်တော်အကြား ခရီးသွားလက်မှတ်ခအနေဖြင့် တစ်ဦးလျှင် ရိုးရိုးတန်းမှာ ငွေကျပ် ၁၅,၀၀၀ နှင့် လေအေးပေးစက်ပါ အထက်တန်းမှာ ငွေကျပ် ၂၀,၀၀၀ နှုန်း သတ်မှတ်ထားရှိပြီး နေပြည်တော်-ရန်ကုန်အကြား အမှတ်(၇)အဆန်/ (၈)အစုန်နှင့် အမှတ်(၃၁)အဆန်/(၃၂)အစုန် DEMU ရထားများ၏ ခရီးသွားလက်မှတ်ခအနေဖြင့် တစ်ဦးလျှင် ပထမတန်းမှာငွေကျပ် ၁၉,၀၀၀ နှင့် အထက်တန်းမှာ ငွေကျပ် ၂၈,၀၀၀ သတ်မှတ်ထားရှိပါတယ်။ ခရီးသည်များအနေဖြင့် ရန်ကုန်-မန္တလေးနှင့် မန္တလေး-ရန်ကုန် ခရီးစဉ် အစအဆုံး လက်မှတ်ဝယ်ယူနိုင်ပြီး ပထမတန်း/ ရိုးရိုးတန်းမှာငွေကျပ် ၃၄,၀၀၀ နှင့် အထက်တန်းမှာ ငွေကျပ် ၄၈,၀၀၀ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ မြန်မာ့မီးရထားက လက်ရှိမြင်းကောင်ရေ ၁၃၀ဝ အား ဒီဇယ် လျှပ်စစ်စက်ခေါင်း ၆ ခေါင်းကို ဘက်ထရီလျှပ်စစ်စက်ခေါင်း (Battery Electric Locomotive BEL) အဖြစ် ပြောင်းလဲ တည်ဆောက်ရန် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အရေးပေါ်ရန်ပုံငွေမှ သုံးစွဲခွင့်ရရှိခဲ့ပြီး စက်ခေါင်းသစ်တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ နေပြည်တော်တွင် ပြောင်းလဲတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ထပ်မံ၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တွင်လည်း မြင်းကောင်ရေ ၁၃၀၀ အား ဒီဇယ်လျှပ်စစ်စက်ခေါင်း ၆ ခေါင်းကို အလားတူ ဘက်ထရီလျှပ်စစ်စက်ခေါင်း - BEL အဖြစ် ပြောင်းလဲတည်ဆောက်ရန် ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါတယ်။(NVS 004)

23 Nov

ADVERTISE HERE .