ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို ကျော်တက်လာ
23 Nov
တရုတ်နိုင်ငံသည် ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်မှုတွင် အမေရိကန်နိုင်ငံကို ကျော်တက်လာပြီဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ချိန်ကသိပ္ပံပညာရပ်၏ အနာဂတ်ကို ပုံဖော်ပေးလေ့ရှိသော အမေရိကန်ထိပ်တန်းတက္ကသိုလ်ကြီးများနှင့် ဆီလီကွန်တောင်ကြားဒေသတို့၏ နေ့ရက်များက အဆုံးသတ်လာပြီကို တွေ့နေရကြောင်း ကမ္ဘာ့ထိပ်တန်း သုတေသနစာတမ်းများကိုဖော်ပြသည့် မဂ္ဂဇင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဒေတာဘေ့(စ်)မှာမြင်တွေ့ရတဲ့ အချက်အလက်တွေအရ သုတေသနရလဒ် ထွက်ပေါ်မှုအပိုင်းမှာ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ကြား ကွာဟချက်ကြီးကြီးမားမား ရှိနေတာကိုတွေ့ရပါတယ်။ မနှစ်ကအထိ တရုတ်နိုင်ငံကထုတ်ပြန်တဲ့ သုတေသန စာတမ်းပေါင်း ၁ ဒသမ ၁ သန်းရှိပါတယ်။ အမေရိကန်ဘက်က ထုတ်ပြန်မှုမှာတော့ စာတမ်းပေါင်း ၈၈၀,၀၀၀ သာရှိပါတယ်”ဟု Frontiers မဂ္ဂဇင်းမှ အမှုဆောင်အယ်ဒီတာချုပ် ဖရတ်ဖန်တာ ကပြောသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ဆေးပညာဆိုင်ရာတွင်သာမက စွမ်းအင်နှင့်သက်ဆိုင်သည့် သုတေသနလုပ်ငန်း တွင်လည်း ကမ္ဘာ့ဦးဆောင်သူအဖြစ် ရောက်ရှိလာနေပြီဖြစ်ကြောင်း၊ ထို့ပြင် မူပိုင်ခွင့်တင်နိုင်ခြင်းကဲ့သို့သော အခြားအကြောင်းရင်းများကလည်း တရုတ်နိုင်ငံအနေဖြင့် သိပ္ပံပညာရပ်နယ်ပယ်၌ အရေအတွက်သာမက အရည် အချင်းတွင်ပါ အမေရိကန်ထက်သာလွန်နေကြောင်းဖော်ပြထားသည်။