Robusta ကော်ဖီအား ပြည်ပနိုင်ငံများကဝယ်ယူရန် ပိုမိုစိတ်ဝင်စားလာ

22 Nov

မြန်မာနိုင်ငံအတွင်း စိုက်ပျိုးသော မြေနိမ့်ကော်ဖီအမျိုးအစားဖြစ်သည့် Robusta ကော်ဖီအား ပြည်ပ နိုင်ငံများကဝယ်ယူရန် ပိုမိုစိတ်ဝင်စားလျက်ရှိကြောင်း ကော်ဖီစိုက်ပျိုးသူများထံမှ သိရပါတယ်။ Robusta ကော်ဖီမှာ ပုံမှန်ကော်ဖီနှစ်ခွက်တွင်ပါဝင်သော ကဖိန်းပမာဏမှာ ၄င်းကော်ဖီတစ်ခွက်တွင်ပါဝင်ကြောင်း၊ ကော်ဖီသောက်သုံးမှုကို များများသောက်သုံးရန် မလိုအပ်ဘဲ အနည်းငယ်သာအသုံးပြု၍ သောက်သုံးနေကျ ကော်ဖီပမာဏကို ရရှိစေနိုင်ကြောင်းနှင့် ကော်ဖီသောက်သုံးသည့်ခွက်ရည်ပမာဏကို လျှော့ချနိုင်ရန်အတွက် သောက်သုံးမှုများ ပြုလုပ် လာခြင်းကြောင့် စိတ်ဝင်စားမှုမြင့်တက်လာခြင်းဖြစ်ပါတယ်။ Robusta ကော်ဖီစေ့တွင် Chlorogenic Acid နှင့် ဓာတ်တိုးဆန့်ကျင်ဓာတ်(antioxidants)များမှာ ပုံမှန် ကော်ဖီများထက် ပိုမိုပါဝင်ကြောင်း၊ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော Chlorogenic Acid ဓာတ်မှာ သွေးပေါင်ချိန်ကို ထိန်းညှိလျော့နည်းစေခြင်း၊ ကိုယ်ခန္ဓာဇီဝကမ္မဖြစ်စဉ်များကို တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ လက်ရှိတွင် နိုင်ငံတော်အစိုးရမှ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရန်အတွက် မြေလွတ်မြေရိုင်းများ အများအပြား ဖော်ထုတ်ပေးခြင်းကို လုပ်ဆောင်ပေးစေလိုကြောင်း ကော်ဖီစိုက်ပျိုးသူများထံမှ သိရပါတယ်။ မြန်မာ့ကော်ဖီအား တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ရောင်းချနေပြီး ဝယ်လိုအားကောင်းမွန်သည့် ဈေးကွက်တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ထို့အတွက် မြေလွတ်မြေရိုင်းများနှင့် စိုက်ပျိုးမြေဧကများ ချထား ပေးလျက်ရှိသော်လည်း ယခုထက်ပိုမို၍ ချထားပေးစေလိုကြောင်းနှင့် ကော်ဖီစိုက်ခင်းများမှာ မြေဧကငါးဆယ်အထက် ချထားပေးမှသာလျှင် စီးပွားဖြစ်စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများထံမှ သိရပါတယ်။(NVS 004)

22 Nov

ADVERTISE HERE .