ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်မှုတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
22 Nov
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၂၁ ရက်နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာတွင် ကျင်းပခဲ့ပါတယ်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင် က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ အမျိုးသား စီမံကိန်းနှင့် နှစ်အလိုက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ ပြည့်မီအောင်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ဝန်ကြီးဌာန၏ ကဏ္ဍအလိုက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) ကို လုပ်ငန်းစဉ်၊ မျှော်မှန်းချက်၊ စာရင်းအင်း တိကျ မှန်ကန်ရေးကိစ္စရပ်များ ထည့်သွင်း၍ ပြင်ဆင်ရေးဆွဲ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဒို့တာဝန်အရေး ၃ ပါး၊ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်ကို အခြေခံ၍ ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro- Based Industries) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဦးစားပေးဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးကြရန်နှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းတစ်ရပ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုး ပေးနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးနှင့်စပ်လျဉ်း၍ ဒေသတွင်း အဖွဲ့အစည်းများ ဖြစ်သော အာဆီယံ၊ GMS၊ ACMECS အဖွဲ့အစည်းများနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးဖြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် မိတ်ဖက်နိုင်ငံများ ရှာဖွေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးကို အထောက်အကူ ပြုမည့်အလားအလာရှိသော မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတကာအကူအညီ ထောက်ပံ့မှုများနှင့်စပ်လျဉ်း၍ ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဒုတိယဝန်ကြီး ဦးသန့်စင်လွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။(NVS 004)