KK Park နှင့် ရွှေကုက္ကိုလ်နယ်မြေတို့အတွင်းရှိ လောင်းကစားမှုကျူးလွန်ရာ အဆောက်အအုံများ ၁၉၆ လုံး ဖြိုချဖျက်ဆီးပြီး တရားမဝင်ပြည်ပနိုင်ငံသားများကို ထပ်မံဖမ်းဆီးထိမ်းသိမ်း

22 Nov

KK Park နှင့် ရွှေကုက္ကိုလ်နယ်မြေများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ အပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် Online လိမ်လည်မှု၊ Online လောင်းကစားမှုများ ကျူးလွန်နေသည့် အဆောက်အအုံများကို ဖြိုချဖျက်ဆီးခြင်းများနှင့် လိမ်လည်မှုကျူးလွန်သည့် တရားမဝင်နိုင်ငံသား များအား ဖမ်းဆီးထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ မြဝတီ-မယ်ထော်သလေး(KK Park)နယ်မြေအတွင်း Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုလျက်ရှိသည့် အဆောက်အအုံ ၆၃၅ လုံး ရှိသည့်အနက် အဆာက်အအုံ ၁၄ လုံးကို ဖြိုချ ဖျက်ဆီးခဲ့ရာ နိုဝင်ဘာလ ၂၁ ရက်အထိ ၁၉၆ လုံး ဖျက်ဆီးခဲ့ပြီးကြောင်းနှင့် ကျန်ရှိနေသည့် အဆောက်အအုံများကို ဆက်လက်ဖြိုချ ဖျက်ဆီးလျက်ရှိကြောင်း သိရပါတယ်။ ထို့အတူ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ Online လိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လျက်တဲ့ တရုတ်နိုင်ငံသား ၁၁၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၃၆ ဦး၊ ကင်ညာနိုင်ငံသား ၁၄ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၇၅ ဦး၊ တောင်အာဖရိကနိုင်ငံသား ရှစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂၃ ဦး၊ ယူဂန်ဒါနိုင်ငံသား ၂၉ ဦး၊ ဇင်ဘာဘွေနိုင်ငံသား တစ်ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၄ ဦး၊ ပါကစ္စတန်နိုင်ငံသား သုံးဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦး၊ လိုက်ဘေးရီးယားနိုင်ငံသား တစ်ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား နှစ်ဦး၊ မော်ရိုကိုနိုင်ငံသား တစ်ဦး၊ မာလာဝီနိုင်ငံသား တစ်ဦး၊ ကင်မရွန်းနိုင်ငံသား ခြောက်ဦး၊ မွန်ဂိုလီးယားနိုင်ငံသား တစ်ဦးနှင့် တရုတ်(တိုင်ပေ) တစ်ဦး တို့ကို ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၈ ရက်မှ ၂၁ ရက်အထိ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁,၃၆၇ ဦးနှင့် Online လိမ်လည်‌လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လုပ်ငန်းသုံး စက်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကာ ဆက်လက်ပြီး ဖော်ထုတ်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ နိုဝင်ဘာလ ၂၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ရောက်ရှိလာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂,၂၀၇ ဦးကို ထိန်းသိမ်းနိုင်ခဲ့ကာ ၁၁,၆၄၀ ဦးကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကာ ၉,၉၇၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂,၂၂၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့အား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကာ နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်‌လောင်းကစားမှု ကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူက၍ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

22 Nov

ADVERTISE HERE .