ဂျပန်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်လည်ပတ်နိုင်ဖွယ်ရှိ
22 Nov
ဂျပန်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပြန်လည်စတင် လည်ပတ်ရန် ဂျပန်နိုင်ငံ နီအိဂါတာစီရင်စု အုပ်ချုပ်ရေးမှူးက သဘောတူထားကြောင်း Xinhua သတင်းဌာနတွင် ဖော်ပြခဲ့သည်။ မိမိအနေဖြင့် ကာရှီဝါဇာကီ-ကီရီဝါ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လုပ်ငန်း ပြန်လည်လည်ပတ်ခွင့်ပေးရန် သဘောတူထားကြောင်း နီအိဂါတာစီရင်စုအုပ်ချုပ်ရေးမှူး ဟာနာဇူမီ က သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ သို့ရာတွင် ကာရှီဝါဇာကီ-ကီရီဝါ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအနေဖြင့် လုပ်ငန်း ပြန်လည်လည်ပတ်နိုင်ရန် ဂျပန်အဏုမြူစွမ်းအင်အေဂျင်စီ၏ နောက်ဆုံးအတည်ပြုချက်ရယူရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။ ကာရှီဝါဇာကီ-ကီရီဝါ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ၂၀၂၁ ခုနှစ်အတွင်း ဖူကူရှီးမား နျူကလီးယားကပ်ဘေး ပေါ်ပေါက်ခဲ့ပြီးနောက် စက်လည်ပတ်မှု ရပ်တန့်ထားခဲ့သည်။ အကယ်၍ စက်ရုံလည်ပတ်ခွင့် ပြန်လည်ရရှိခဲ့ပါက ကာရှိဝါဇာကီ-ကီရီဝါ စက်ရုံသည် ဖူကူရှီးမား နျူကလီးယားကပ်ဘေး ပေါ်ပေါက်ပြီးနောက်ပိုင်း လုပ်ငန်းပြန်လည် လည်ပတ်မည့် ပထမဆုံးသော ဂျပန်နျူကလီးယားစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံဖြစ်လာမည် ဖြစ်သည်။ သဘာဝသယံဇာတ ရှားပါးသည့် ဂျပန်နိုင်ငံသည် ရုပ်ကြွင်းလောင်စာအပေါ် မှီခိုနေရမှုကို လျှော့ချရေးအတွက် နျူကလီးယားစွမ်းအင်ကို ပြန်လည်အသုံးပြုရန် ဆန္ဒရှိနေကြောင်း သိရသည်။