ရုရှားသမ္မ ပူတင် အနောက်ဘက်စစ်ဒေသကွပ်ကဲမှုဌာနချုပ်သို့ ရောက်ရှိစဉ် ကူပီယန့်ခ်မြို့ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရုရှားစစ်ဦးစီးချုပ် အစီရင်ခံတင်ပြ

22 Nov

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ကူပီယန့်ခ်မြို့ကို ရုရှားတပ်များက ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရုရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီဂျီရာဆီမော့ဗ် က နိုဝင်ဘာလ ၂၀ ရက်တွင် ပြောကြားခဲ့ကြောင်း RT သတင်းဌာနကဖော်ပြခဲ့သည်။ ရုရှားအနောက်ဘက်စစ်ဒေသ ကွပ်ကဲမှုဌာနချုပ်သို့ သမ္မတ ပူတင် ရောက်ရှိနေချိန်တွင် ကူပီယန့်ခ်မြို့ ထိန်းချုပ်ထားမှုကို ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ် က အစီရင်ခံတင်ပြခဲ့ခြင်းဖြစ်သည်။ အနောက်ဘက်စစ်ဒေသ လက်အောက်ခံ တပ်ဖွဲ့များအနေဖြင့် ကူပီယန့်ခ်မြို့ကို ထိန်းချုပ်ထားပြီး ယူကရိန်းတပ်များကို အော့စ်ကိုးလ်မြစ် လက်ဝဲဘက်ကမ်းပါး၌ ဝန်းရံပိတ်ဆို့ထားကြောင်း ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ် က ပြောကြားခဲ့သည်။ ထို့ပြင် ရုရှားတပ်များအနေဖြင့် ပိုခရော့ဗ်မြို့ကိုလည်း ၇၀ ရာခိုင်နှုန်းထိ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ရုရှားစစ်ဦးစီးချုပ်က သမ္မတပူတင် နှင့်တွေ့ဆုံစဉ် တင်ပြခဲ့သည်။ အနောက်ဘက်စစ်ဒေသကွပ်ကဲမှုဌာနချုပ် ခရီးစဉ်အတွင်း သမ္မတ ပူတင် သည် ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ် အပြင် အခြားသော ရုရှားထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း ကရင်မလင်နန်းတော် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယူကရိန်းနှင့် ပဋိပက္ခစတင်ခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ ရုရှားတပ်များသည် ယူကရိန်း တစ်နိုင်ငံလုံး အကျယ်အဝန်း၏ ၂၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။

22 Nov

ADVERTISE HERE .