“မိုးစစ်(တိုးချဲ့) ကြိုးပြင်ကာကွယ်တော သတ်မှတ်”

21 Nov

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အနေနဲ့ ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေ ပုဒ်မ(၆)၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် များကို ကျင့်သုံးလျက်ရှိပြီး ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာ အကျယ်အဝန်း(၆,၇၀၆)ဧက ရှိသောနယ်မြေကို မိုးစစ်(တိုးချဲ့)ကြိုးပြင်ကာကွယ်တောအဖြစ် အမိန့်ကြော်ငြာစာ အမှတ်(၉၄/၂၀၂၅)အရ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်မှစ၍ သတ်မှတ်ထားကြောင်း သိရပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သဘာဝသစ်တောများ ရေရှည်တည်တံ့ စေရန်နှင့် သစ်နှင့်သစ်တောထွက်ပစ္စည်းများစဉ်ဆက်မပြတ် စနစ်တကျထုတ်ယူသုံးစွဲနိုင်စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝပြီး သစ်တော ဖုံးလွှမ်းမှုတိုးတက်ကောင်းမွန်စေရန်ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောများဖွဲ့စည်း သတ်မှတ်ခြင်းဖြစ်ပါတယ်။ မိုးစစ်(တိုးချဲ့)ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် အထက်ရွက်ပြတ်ရောနှော တောစိုသစ်မျိုးများ ဖြစ်တဲ့ ကျွန်း၊ အင်ကြင်း၊ ထောက်ကြံ့၊ ဖန်ခါး၊ သစ်ဖြူ၊လက်ပံ၊ တောင်တမာ၊ တောသရက်၊ ကညင်၊ မအူ၊ သပြေ၊ တင်းဝါး၊ ဝါးဖြူ၊ ဝါးပိုး၊ သိုက်ဝါး၊ တောင်ကြိမ်၊ ကြိမ်နီ စတဲ့ ဒေသမျိုးရင်းများအား ထိန်းသိမ်းနိုင်မည့်အပြင် ဂျီ၊ ဆတ်၊ ပြောင်၊ စိုင်၊ မျောက်၊ တောကြောင်၊ တောကြက်နှင့် ကျေးငှက်မျိုးစုံ အစရှိသည့် တောရိုင်းတိရစ္ဆာန်များ၏ နေထိုင် ကျက်စားရာဒေသများလည်း ထိန်းသိမ်းကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒေသအခေါ်ခနွဲ့ချောင်းရေဝေရေလဲဧရိယာအား ထိန်းသိမ်းကာကွယ်နိုင်ခြင်း၊ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ ဝါး၊ ကြိမ်နှင့် အခြားသစ်တောထွက်ပစ္စည်းများအား ဖြည့်ဆည်းပေးနိုင်ခြင်း၊ သစ်တောဖုံးလွှမ်းမှုတိုးတက်လာပြီး ရာသီဥတုမျှတကောင်းမွန်လာနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများရရှိနိုင်မှာ ဖြစ်တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရပါတယ်။ (NVS-004)

21 Nov

ADVERTISE HERE .