“သာသနာလင်္ကာရအကျော် စာမေးပွဲကြီးနှင့် စာအောင်ဆုနှင်းသဘင်ပွဲကျင်းပမည်”

21 Nov

ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတ (ပဲခူးသာမဏေကျော်အသင်းကြီး)မှကြီးမှူးပြီး (၃၉) ကြိမ်မြောက် “သာသနာ လင်္ကာရအကျော်စာမေးပွဲကြီးနှင့် စာအောင်ဆုနှင်းသဘင်ပွဲ"ကို ပဲခူးမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (၃၉)ကြိမ်မြောက် “သာသနာလင်္ကာရအကျော်စာမေးပွဲကြီး"ကို ဒီဇင်ဘာလ ၄ ရက်မှ ၆ ရက်အထိ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးနှင့် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံနှင့် သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်တို့၌ ကျင်းပသွားမှာ ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရှင်သာမဏေများနှင့် သီလရှင်ဆရာလေးများ စုစုပေါင်း ၂,၈၅၇ ပါး တို့က ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်တို့၌ စာမျက်နှာနှစ်ထောင့်ငါးရာကျော်ရှိ ဝိနယပိဋက ခုဒ္ဒကနိကာယ ဝိနည်းငါးကျမ်း(ပိဋကတစ်ပုံ)၊ စာမျက်နှာတစ်ထောင့်ခုနစ်ရာကျော်ရှိ သုတ္တန္တပိဋကအင်္ဂုတ္တရနိကာယ အင်္ဂုတ္တိုရ် ဆယ့်တစ်ကျမ်း (နိကာယ်တစ်ရပ်)၊ စာမျက်နှာတစ်ထောင်ကျော်ရှိ သုတ္တန္တပိဋကခုဒ္ဒကနိကာယဓမ္မပဒပါဠိ၊ အဋ္ဌကထာ၊ သဒ္ဒါရှစ်စောင်၊ သင်္ဂဟကိုးပိုင်း ပါဠိအနက်သဘောအဓိပ္ပာယ်များကို ဝင်ရောက်ဖြေဆိုကြမှာဖြစ်ပါတယ်။ စာမေးပွဲဖြေဆိုကြရာတွင် ဗုဒ္ဓအသံဓမ္မဗိမာန်အပေါ်ထပ်နှင့် အောက်ထပ်တို့၌ ပထမအဆင့်သာမဏေများ ဖြေဆိုကြရမှာဖြစ်ပြီး ဒုတိယအဆင့်နှင့် တတိယအဆင့် စာဖြေကြမည့်သံဃာများသည် သာသနမဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းတိုက်၌ ဖြေဆိုရမှာဖြစ်ပါတယ်။ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဖြေဆိုကြမည့် သီလရှင်များအနေနဲ့ ရွှေကျောင်းတော်ကျောက်ပန်းတောင်းဓမ္မာရုံ၌ နေရာအသီးသီးခွဲ၍ ဖြေဆိုကြရမှာဖြစ်ပါတယ်။ ဖြေဆိုအောင်မြင်ကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များ၏ စာအောင်ဆုနှင်းသဘင်ပွဲကို ဒီဇင်ဘာလ ၈ ရက်တွင် ကျင်းပသွားမှာဖြစ်ပြီး တတိယအဆင့်တွင် ထူးချွန်စွာဖြေဆို အောင်မြင်တော်မူကြသည့် ထူးချွန်သာမဏေများအား မွေးထုတ်ပေးခဲ့သော မိခင်ဖခင်များအတွက် “ထူးချွန်သားသမီးတို့၏ မိခင်ဖခင်ဆု”အဖြစ် ပထမဆု ရွှေတစ်ကျပ်သား၊ ဒုတိယဆု ရွှေသုံးမတ်သား၊ တတိယဆု ရွှေငါးမူးသား ပေးအပ်မည်ဖြစ်ကြောင်း သိရပါတယ်။(NVS-004)

21 Nov

ADVERTISE HERE .