"နေတန်ယာဟု ဆီးရီးယားစစ်မဲ့ဇုန်သို့ သွားရောက်"

21 Nov

နယ်မြေလုံခြုံရေး အစီအစဉ်သစ်တစ်ရပ်ကို အကောင်အထည်ဖော်မည့်သတင်းများ ထွက်နေချိန်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ယာဟု သည် နိုဝင်ဘာ ၁၉ ရက်က ဆီးရီးယားဘက်အခြမ်း ဂိုလန်ကုန်းမြင့်ရှိ စစ်မဲ့ဇုန်သို့ သွားရောက်ခဲ့သည်ဟု ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ကြေညာခဲ့သည်။ နေတန်ယာဟု ၏ခရီးစဉ်တွင် အစ္စရေးကာကွယ် ရေးဝန်ကြီး ကာ့ဇ်၊ နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆားရ် စသည့် အကြီးအကဲများနှင့် တခြားတာဝန်ရှိသူများလည်း လိုက်ပါခဲ့သည်။ ဝန်ကြီးချုပ်သည် အစ္စရေးကာကွယ်ရေး တပ်ဖွဲ့ စခန်းသို့ရောက်ရှိပြီး ဒေသအခြေအနေများကို လေ့လာခဲ့ပြီးနောက် လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲ တစ်ရပ်ကျင်းပ ခဲ့သည်ဟု အဆိုပါရုံးက ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အဆိုပါစခန်း၌ တပ်ဖွဲ့ဝင်များကို မိန့်ခွန်းပြောကြားရာတွင် နေတန်ယာဟု က ဆီးရီးယားဘက်အခြမ်း ဂိုလန်ကုန်းမြင့်ရှိ မိမိတို့၏ မဟာမိတ်များဖြစ်သော ဒရုဇ်များကို ခုခံကာကွယ်ရန် ခံစစ်နှင့်ထိုးစစ်နှစ်မျိုးလုံးတွင် အစ္စရေးသည် မိမိတို့၏စွမ်းရည်များကို အလေးထားရမည်ဖြစ်ကြောင်းနှင့် အစ္စရေးနှင့် ၎င်း၏မြောက်ဘက် နယ်စပ်ကိုလည်း ကာကွယ်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်ယခုကိစ္စသည် အချိန်နှင့်အမျှ ပြောင်းလဲ နိုင်သည့် မစ်ရှင်တစ်ခုဖြစ်သည်ဆိုသည့်အပေါ် အသေးစိတ်ဖော်ပြခြင်းမပြုဘဲ ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဘာရှာအယ်လ် အာဆတ်အစိုးရ ပြုတ်ကျပြီးနောက် အစ္စရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသော ဆီးရီးယားတောင်ပိုင်းဒေသများနှင့်ပတ်သက်သည့် လုံခြုံရေးသဘောတူညီချက်အပေါ် အစ္စရေး နှင့် ဆီးရီးယားကြား အမေရိကန်က ကြားဝင်စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ယခုလအစောပိုင်းတွင် ဆီးရီးယား ယာယီခေါင်းဆောင် အာမက်အယ်လ်ရှာရား သည် အိမ်ဖြူတော်သို့သွားရောက်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကိစ္စရပ်များနှင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု တစ်စိတ် တစ်ပိုင်းသက်သာစေရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ နောက်ပိုင်းတွေ့ဆုံမေးမြန်းမှုများတွင် အယ်လ်ရှာရား က တွေ့ဆုံဆွေးနွေးမှုများတွင် သိသာထင်ရှားသည့် တိုးတက်မှုများမရှိသော်လည်း အစ္စရေးတပ်ဖွဲ့များ ၎င်းတို့ထိန်းချုပ်ထားသည့် ဆီးရီးယားတောင်ပိုင်းမှဆုတ်ခွာရန် သဘောတူညီချက်တစ်ရပ်ရပ်ကို လိုအပ်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ သို့သော်အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး အစ္စရေးက ငြင်းဆိုထားသည်။ ယခုသီတင်းပတ်အစောပိုင်းတွင် အစ္စရေးပြည်သူ့အသံလွှင့်ဌာနဖြစ်သော ကန် က တွေ့ဆုံဆွေးနွေးပွဲများ ရပ်တန့်နေသည်ဟု ဖော်ပြခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

21 Nov

ADVERTISE HERE .