"တူကီယဲနိုင်ငံ၌ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၆၈၇ ဦးကို ဖမ်းဆီးထိန်းသိမ်း"
21 Nov
တူကီယဲနိုင်ငံ၌ နိုင်ငံတစ်ဝန်း အထောက်အထားစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပုံမှန်မဟုတ်သော ရွှေ့ပြောင်း နေထိုင်သူ ၆၈၇ ဦးနှင့် လူကုန်ကူးသူဟု သံသယရှိသူ ၂၉ ဦးကို ဖမ်းဆီးထားကြောင်း ပြည်ထဲရေးဝန်ကြီး အလီယာလီ ကာကာက နိုဝင်ဘာလ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။ နိုင်ငံတစ်ဝန်း ပြည်နယ် ၈၁ ခု၌ တူကီယဲအာဏာပိုင်များက ကြီးမားသောစစ်ဆင်ရေးပြုလုပ်ခဲ့ပြီး ရွှေ့ပြောင်း လူမှောင်ခိုကွန်ရက်များနှင့် ပုံမှန်မဟုတ်သော ရွှေ့ပြောင်းသွားလာမှုလမ်းကြောင်းများကို ပစ်မှတ်ထားကာ စစ်ဆေးမှု များ ပြုလုပ်ခဲ့သည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။ အဆိုပါစစ်ဆေးမှုများအတွင်း လူပေါင်း ၄၃၅,၂၉၅ ဦး၏ အချက်အလက်များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြသည်။ တူကီယဲနိုင်ငံသည် ပုံမှန်မဟုတ်သောရွှေ့ပြောင်း နေထိုင်မှုကိုသာမက လူမှောင်ခိုတိုက်ဖျက်ရေး၊ နယ်စပ် လုံခြုံရေးအပြည်ပြည်ဆိုင်ရာမှ အကာအကွယ်ပေးရေးနှင့် မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်သူများကို လုံခြုံစိတ်ချရစေရေးတို့အတွက် အာရုံစိုက်နေကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ထိန်းသိမ်းခံထားရသော ပုံမှန်မဟုတ် သည့် ရွှေ့ပြောင်းနေထိုင်သူများကို ၎င်းတို့၏မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန်လုပ်ငန်းစဉ်များ စတင်လုပ်ဆောင် နေပြီဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ တူကီယဲနိုင်ငံသည် ပထဝီအနေအထားအရ ဥရောပသို့ သွားရောက်ရန် အဓိကဝင်ပေါက်သဖွယ်ဖြစ်နေပြီး တရားမဝင်ရွှေ့ပြောင်းသွားလာမှုများကို တားဆီးရန်နှင့် မှောင်ခိုလမ်းကြောင်း များကို ဖျက်သိမ်းရန် ကြိုးပမ်းမှုများ ဆောင်ရွက်လျက်ရှိသည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။