“မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့မှာ ကျောက်‌မျက်အတွဲပေါင်း ၆၇ တွဲ ရောင်းချရနိုင်ခဲ့”

21 Nov

၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့အဖြစ် နိုဝင်ဘာ ၂၀ ရက်က ဆက်လက်ကျင်းပခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၆၇ တွဲ ရောင်းချခဲ့ပြီး အဆိုပါမြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိပါတယ်။ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားတဲ့ ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသ ထားတဲ့ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး ပြပွဲမှာရောင်းချမည့် ကျောက်မျက်အတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေး၍ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်း ကြပါတယ်။ ကျောက်မျက်အတွဲပေါင်း ၁၆၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ရောင်းချပေးခဲ့ပြီး ကျောက်မျက်အတွဲပေါင်း ၆၇ တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ယခုပြပွဲကို နိုဝင်ဘာလ ၁၇ ရက် မှ ၂၆ ရက်အထိ ကျင်းပလျက်ရှိပြီး ကျောက်စိမ်းအတွဲ စုစုပေါင်း ၅,၀၈၅ တွဲ၊ ကျောက်မျက်ရိုင်းအတွဲ ၁၃ တွဲနှင့် ကျောက်မျက်လက်ဝတ်ရတနာအတွဲ ၁၄၇ တွဲ စုစုပေါင်းအတွဲ ၁၆၀ နှင့် ပုလဲအတွဲ ၄၈၉ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပါတယ်။ ပြပွဲမှာ အသုံးပြုမည့် နိုင်ငံခြားငွေ အမျိုးအစားများမှာ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံတဲ့ နိုင်ငံခြားငွေအမျိုးအစားတို့နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ပုလဲအတွဲများ ကို နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိလည်းကောင်း၊ ကျောက်မျက်အတွဲများအားလုံးကို နိုဝင်ဘာ ၂၀ ရက်မှာ လည်းကောင်း၊ အုပ်စု (အေ၊ ဘီ၊ စီ)အဖြစ် (၃) အုပ်စုခွဲခြားထားတဲ့ ကျောက်စိမ်းအတွဲပေါင်း ၅,၀၈၅ တွဲကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၆ ရက်အထိလည်းကောင်း ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

21 Nov

ADVERTISE HERE .