“နိုင်ငံ၏ ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးတွင် MSME ကဏ္ဍသည် လွန်စွာအရေးပါပြီး MSME များ ရှင်သန်နိုင်ရန် ဒစ်ဂျစ်တယ်စနစ်သို့ မဖြစ်မနေပြောင်းလဲအသုံးပြုရန်လိုအပ်”
20 Novနိုဝင်ဘာလ ၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး(၅/၂၀၂၅)၌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က အဖွင့်အမှာစကားပြောကြားရာတွင် MSME လုပ်ငန်းများနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အလတ်စားနှင့် အကြီးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် အရေးပါသည့် လိုအပ်ချက်တစ်ခုဖြစ်တာကြောင့် စက်မှုကဏ္ဍ တိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများမှ ပြည်တွင်း၌ လိုအပ်တဲ့ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန်များ လျှော့ချလာနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများ လျှော့နည်းသက်သာလာမည်ဖြစ်သည့်အတွက် တိုင်းပြည်စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ စက်မှုကဏ္ဍတိုးတက်စေရန်အတွက်လည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုစနစ်ကို ခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်ကာ နိုင်ငံတော်အနေနဲ့ ရင်းနှီးမြှုပ်နှံမှု၊ အခွန်အခနှင့် လုပ်ငန်းလိုင်စင်ဆိုင်ရာ မူဝါဒများကို ရှင်းလင်း၍ ရိုးရှင်းအောင်ဆောင်ရွက်ပြီး စက်မှုလုပ်ငန်းများအတွက် လိုအပ်သောဝန်ဆောင်မှုနှင့် အခြေခံ အဆောက်အဦများ စုစည်းပေးထားသည့် အထူးစက်မှုဇုန်များ(Industrial Zones)ကို တည်ဆောက်ပေးထားပြီး ဖြစ်လို့ စက်မှုလုပ်ငန်းများတွင် နည်းပညာမျှဝေခြင်းများကို ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွင်းရှိ လုပ်ငန်းများတွင် စဉ်ဆက်မပြတ်တိုးတက်မှုရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံ၏ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးဆောင်ရွက်ရာတွင် MSME ကဏ္ဍသည် အရေးပါလျက်ရှိပြီး ယနေ့ခေတ် ကာလတွင် MSME များကို ခေတ်နှင့်အညီတိုးတက်ပြောင်းလဲနေသည့် စီးပွားရေးပတ်ဝန်းကျင်တွင် ရှင်သန်ရပ်တည် နိုင်ရန်အတွက် ဒစ်ဂျစ်တယ်စနစ်ကို မဖြစ်မနေပြောင်းလဲအသုံးပြုရန် လိုအပ်လျက်ရှိကြောင်း၊ ဒစ်ဂျစ်တယ်စနစ်သည် ဈေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို တိုးတက်လာစေသည့် အကျိုးကျေးဇူးများစွာ ရရှိစေမှာဖြစ်တာကြောင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် နည်းပညာ၊ ငွေကြေးနှင့် ဈေးကွက်ဆိုင်ရာ အကူအညီများစွာကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်းနှင့် နိုင်ငံတော်အကြီးအကဲ အနေနဲ့လည်း ကုန်ထုတ်လုပ်မှုတွင် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူ့စွမ်းအားအရင်းအမြစ် ပြည့်စုံစေရေး ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားပြီး ဖြစ်သည့်အတွက် MSME လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် အစိုးရ၊ လုပ်ငန်းရှင်နှင့် ပြည်သူများ အားလုံးတို့မှ လက်တွဲညီညီပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။