“ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်နှင့် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်ရန်လိုအပ်”

20 Nov

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၅/၂၀၂၅)ကို နိုဝင်ဘာလ ၁၉ ရက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က အမှာစကားပြောကြားရာတွင် ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်နှင့် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်ရန်လိုအပ်ကြောင်းထည့်သွင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံစီးပွားတိုးတက်စေရန်အတွက် ကုန်ထုတ်လုပ်မှုတိုးတက်ရန် အဓိကလိုအပ်ပြီး နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်ထုတ်လုပ်မှုကဏ္ဍအပေါ်တွင် များစွာမူတည်နေကြောင်း၊ ကုန်ထုတ်လုပ်မှုဆိုရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုလုပ်ငန်းများ၊ သတ္တုတူးဖော်ရေး၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများအားလုံး တစ်ခုနှင့်တစ်ခု ဆက်စပ်ပါဝင်နေပြီး နိုင်ငံ့စီးပွားရေးကို သက်ဝင်လှုပ်ရှားစေသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်အတွက်လည်း ကုန်စည်ဈေးနှုန်းတည်ငြိမ်ရန်လိုအပ်ကြောင်း၊ အခြေခံ ကျသည့် ဆန်ဈေးနှုန်းတည်ငြိမ်နေသော်လည်း ထုတ်လုပ်မှု၊ ဝယ်ယူမှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှုနှင့် စားသုံးမှုစသည့် ကွင်းဆက်များအားလုံးကို လိုက်လျောညီထွေ ဟန်ချက်ညီညီဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ဆန်စပါးနည်းတူ အခြားရာသီပေါ် သီးနှံများအတွက်လည်း ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက်မှန်ကန်စေရေး ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၏ လူမှုစီးပွားဘဝ အဆင်ပြေမှုရရှိနိုင်မှာဖြစ်လို့ စျေးကွက် စစ်ဆေးရေး၊ ဈေးနှုန်းထိန်းညှိရေးနှင့် မတရားအမြတ်တင် ရောင်းချမှုများကို တာဝန်ရှိသူများမှ ထိထိရောက်ရောက် စစ်ဆေးထိန်းသိမ်းသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သော စိုက်ပျိုးရေးအခြေခံ ကုန်ထုတ်လုပ်မှု(Agro-based Industries)ကို ယခုအခါ အဓိကဦးစားပေးဆောင်ရွက်ရမှာဖြစ်ပြီး အနာဂတ် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု(Substainable Development)ပန်းတိုင်များအထိ ရရှိစေရန် အလေးထား ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

20 Nov

ADVERTISE HERE .