“တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းများအပေါ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်”
20 Nov
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၅/၂၀၂၅)ကို နိုဝင်ဘာလ ၁၉ ရက်က ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး တရားမဝင် ကုန်ပစ္စည်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းများအပေါ် ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်နေပြီး လူမှုရေး၊ စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍများအပေါ် များစွာဆိုးကျိုးသက်ရောက်ကာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အတွက် စီမံချက်များချထားပြီး တိုးတက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့တဲ့အတွက် ယခုအခါမှာ တရားမဝင်ကုန်သွယ် မှုများ ယခင်ကထက် များစွာလျော့နည်းကျဆင်းလာသည်ကို တွေ့ရကြောင်း၊ လက်ရှိတွင် ရနောင်း၊ ကော့သောင်း၊ ရန်ကုန်လမ်းကြောင်းတွင် ကုန်သွယ်မှုကိုလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးခဲ့ပြီး နယ်စပ်ဒေသများဖြစ်သည့် မြဝတီ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်များအတွင်းသို့ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှု မရှိစေရေး အလေးအနက်ထားပြီး တားဆီးစစ်ဆေးခြင်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ ဥပဒေများ အပြင် လိုအပ်ပါက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ စိစစ်ဖော်ထုတ်အရေးယူနိုင်ရေး ပေါင်းစပ်ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မူးယစ်ဆေးဝါးသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝကို ပြင်းထန်စွာ ရိုက်ခတ် စေလျက်ရှိတာကြောင့် လုံခြုံရေးအရတည်ငြိမ်မှုမရှိသည့် ဒေသများနှင့် နယ်စပ်ဒေသများတွင် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များမှ သယ်ယူခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် ကျောင်းသား/ကျောင်းသူအရွယ် လူငယ်များအား ပစ်မှတ်ထားသုံးစွဲစေခြင်းတို့ကြောင့် မိမိတို့ရဲ့ကျောင်းသား/ ကျောင်းသူများ ပညာရေးထိခိုက်ခြင်းနှင့် လူ့အညွန့်ကျိုးသည့်ကိစ္စများ မဖြစ်ပေါ်စေရေးအတွက် မူးယစ်ဆေးဝါးများကို အမြစ်ပြတ်အောင် ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကာ ထိထိရောက်ရောက် အရေးယူသွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက Video Conference စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ (NVS-004)