“တရုတ်နှင့်ဂျပန်တို့ကြား ဆက်ဆံရေးတင်းမာနေစဉ် အမေရိကန်က ဂျပန်ရှိ ဒုံးကျည်စနစ်တစ်ခုကို ပြန်လည် ဖြုတ်သိမ်း”
20 Nov
ဂျပန်နိုင်ငံဝန်ကြီးချုပ် ဆာနာအီ တာကာအီချီ က ထိုင်ဝမ်ကျွန်းနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောဆိုမှုတစ်ခု ကြောင့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာမှုမြင့်တက်နေစဉ် အမေရိကန်က ဂျပန်နိုင်ငံ၌ ဖြန့်ကြက်ထားသော ဒုံးကျည်စနစ်တစ်ခုကို ပြန်လည်ဖြုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ အမေရိကန် ကြည်းတပ်က ယာမာဂူချီစီရင်စုရှိ အီဝါကူနီအခြေစိုက်စခန်း၌ဖြန့်ကြက်ထားသော Typhon အမျိုးအစား ဒုံးကျည် စနစ်ကို ဖြုတ်သိမ်းထားပြီးဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ယင်း ဒုံးကျည် စနစ်သည် Tomahawk အမျိုးအစား မြေပြင်တိုက်ခိုက်ရေးအနိမ့်ပျံဒုံးကျည်များနှင့် SM-6 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များကို မိုင် ၁,၀၀၀ ကျော်အကွာအဝေးအထိ ရောက်ရှိအောင် ပစ်ခတ်နိုင်သောကြောင့် တရုတ်နိုင်ငံအရှေ့ပိုင်းရှိ မြို့ကြီးများအထိပင် ရောက်ရှိနိုင်သည်။ အမေရိကန်နှင့် ဂျပန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် ထိုဒုံးကျည်စနစ်ကို ဖြန့်ကြက်ခြင်းဖြစ်သော် လည်း စစ်ရေးလေ့ကျင့်ခန်းပြီးသည့်တိုင် သီတင်းပတ်အနည်းငယ်ကြာသည်အထိ ဆက်လက်ထားရှိခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာလာစဉ်မှာပင် ယင်းစနစ်ကို ဖြုတ်သိမ်း လိုက်ခြင်းဖြစ်ကြောင်း SCMP သတင်းဌာနဖော်ပြချက်အရ သိရသည်။