“မြန်မာ့စားသောက်ကုန်များ နိုင်ငံတကာဈေးကွက်များသို့ထိုးဖောက်ရန် အရည်အသွေး၊ ထုပ်ပိုးမှုနှင့် အမှတ်တံဆိပ် (Labelling) ပြုပြင်ပြောင်းလဲရန်လိုအပ်”

20 Nov

မြန်မာ့စားသောက်ကုန်များ နိုင်ငံတကာဈေးကွက်များသို့ ထိုးဖောက်ရန်အတွက် အရည်အသွေးစံနှုန်းများ (Quality Standards)၊ ထုပ်ပိုးမှု(Packaging)နှင့် အမှတ်တံဆိပ်(Labelling)တို့ကို အရှိန်အဟုန်မြှင့်ပြုပြင် ပြောင်းလဲရန်လိုအပ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (၁၄) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို နိုဝင်ဘာလ ၁၈ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အသင်းများအနေနဲ့ နည်းပညာနှင့်အရည်အသွေးမြှင့်တင်ရေးအတွက် စားသောက်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများဖြစ်တဲ့ အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာအန္တရာယ်ကို ခွဲခြားသတ်မှတ်ခြင်းနှင့် စီမံခန့် ခွဲခြင်းဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြုစနစ်(HACCP)၊ အပြည်ပြည်ဆိုင်ရာစံညွှန်းအဖွဲ့(ISO) စသည်တို့ကို ပြည်တွင်းထုတ်လုပ်သူများ လိုက်နာနိုင်ရန်အတွက် အသိပညာပေးနှီးနှောဖလှယ်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပ ခြင်း၊ ဈေးကွက်ချဲ့ထွင်ရေးအတွက် အသင်းကဦးဆောင်၍ နိုင်ငံတကာကုန်စည်ပြပွဲများသို့ သွားရောက် ပြသခြင်းဖြင့် မြန်မာ့ထုတ်ကုန်များအတွက် ဈေးကွက်အသစ်များရှာဖွေပေးနိုင်ခဲ့ခြင်း၊ ပြည်တွင်း၊ ပြည်ပရှိ မိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သဖြင့် စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသောအုတ်မြစ်ကို ချမှတ်ခြင်းဖြစ်ကြောင်း ဒါ့အပြင်စားသောက်ကုန်ကဏ္ဍက အောင်မြင်မှုများရှိပေမယ့် လက်ရှိကမ္ဘာ့အခြေအနေအရ ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၄-၂၀၂၅ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကို ဖတ်ကြား တင်ပြ ခြင်း၊ စာရင်းစစ်အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခြင်း၊ စားသောက်ကုန်လုပ်ငန်းရှင်များမှ ကြိုတင်ပေးပို့ထားသော မေးခွန်းများနှင့် အကြံပြုချက်များကို ဖြေကြားခြင်းနှင့်အတည်ပြုဆုံးဖြတ်ခြင်းများဆောင်ရွက်ကာ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ပါတယ်။(NVS-004)

20 Nov

ADVERTISE HERE .