“ဘားအံမြို့နယ်မှာ မဲရုံပေါင်း ၂၁၈ ရုံဖွင့်လှစ်မည်”

20 Nov

ဒီဇင်ဘာလ ၂၈ ရက်မှစတင်ကာ အပိုင်း(၃)ပိုင်းခွဲပြီးကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အုပ်စု ၈၈ ခုမှာ မဲရုံပေါင်း ၂၁၈ ရုံဖွင့်လှစ်၍ ရွေးကောက်ပွဲကျင်းပ သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အခုလိုကျင်းပရာမှာ ရွေးကောက်ပွဲရဲ့ အခြေခံအကျဆုံးအခန်းကဏ္ဍမှာ တာဝန်ယူဆောင်ရွက်မည့် ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းကို နိုဝင်ဘာလ ၁၉ ရက်က ဘားအံမြို့ ကရင်ပြည်နယ်လူငယ်စင်တာမှာ ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က ရွေးကောက်ပွဲမှာ မဲပေးမည့်မဲဆန္ဒရှင်များ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား ခဲ့ပါတယ်။ သင်တန်းမှာ မဲရုံ ၁ ရုံလျှင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး ၂ ဦးစီနဲ့ သင်တန်းသား ၄၃၆ ဦးကို သင်တန်းအပတ်စဉ် ၄ ပတ် ခွဲ၍ ၁ ပတ်စဉ်လျှင် ၂ ရက်နှုန်းနဲ့ မဲပေးစက်များထုတ်ယူခြင်း၊ တပ်ဆင်အသုံးပြုခြင်း၊ မဲရုံအဖွဲ့ဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲမကျင်းပမီ တစ်ရက်အလို ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲရုံမဖွင့်မီဆောင်ရွက်ရန်နှင့် မဲပေးနေစဉ် ဆောင်ရွက်ရန်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်ပြီးနောက်ရလဒ်များရေတွက်ခြင်း၊ ပုံစံဖြည့်သွင်းခြင်း၊ ပစ္စည်းများထုတ်ပိုး အပ်နှံခြင်းများကို ပို့ချသရုပ်ပြပြီး လက်တွေ့ဆောင်ရွက်စေမည်ဖြစ်ကြောင်း သိရပါတယ်။ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေနဲ့ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး ၂ ဦးစီနဲ့ သင်တန်းသား ၁၇၆ ဦးကို သင်တန်း ၂ ပတ်စဉ်နဲ့ မဲပေးစက်ထုတ်ယူခြင်း၊ ထုတ်ပေးခြင်း၊ တပ်ဆင်အသုံးပြုခြင်း၊ မဲစာရင်းကပ်ထားကြေညာခြင်း၊ ကြိုတင်မဲပေးခြင်း၊ မဲရုံများပြင်ဆင်ခြင်း၊ မဲရုံများကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာလုပ်ငန်း များကို ပို့ချသရုပ်ပြလက်တွေ့ဆောင်ရွက်စေမည်ဖြစ်ကာ သင်တန်းများကို နိုဝင်ဘာလ ၁၉ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS-004)

20 Nov

ADVERTISE HERE .