“ဂျပန်၊ တောင်ကိုရီးယားနှင့် မကာအိုမှ ကမ္ဘာလှည့်ခရီးသည်များကို ဆိုက်ရောက်ဗီဇာ ၁ နှစ်သက်တမ်းတိုးခွင့်ပြု”
20 Nov
မြန်မာနိုင်ငံအတွင်းသို့ လေကြောင်းခရီးဖြင့် ဝင်လာရောက်မည့် ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ မကာအို အထူးအုပ်ချုပ်ရေးဒေသမှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ကမ္ဘာ့လှည့်ခရီးသည်များ အတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်)(Tourist Visa on Arrival)ကို စမ်းသပ်ကာလ ၁ နှစ် ပထမအကြိမ် ထပ်မံ သက်တမ်းတိုးခွင့်ပြုပေးထားတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါတယ်။ အဆိုပါ ခွင့်ပြုပေးမှုကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်အထိ စတင်၍ စမ်းသပ်ကာလ ၁နှစ်ခွင့်ပြုပေးခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၀ ရက်အထိ ပထမအကြိမ် ထပ်မံသက်တမ်းတိုးပေးတာဖြစ်ပါတယ်။ ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာနဲ့ ဝင်ရောက်မည်ဆိုပါက ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရရှိမှာဖြစ်သလို ဗီဇာသက်တမ်းတိုးခွင့်မရှိကြောင်းနှင့် ဟိုတယ်တွေမှာသာ တည်းခိုနေထိုင်ခွင့်ရှိပြီး လုပ်ငန်းလုပ်ကိုင်ခွင့်မရှိကြောင်း ဆိုက်ရောက်ဗီဇာစည်းမျဉ်းများနဲ့ပတ်သက်လို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကနေ သိရပါတယ်။ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ပြုထားတဲ့ ဗီဇာ ၁၄ မျိုးမှာ သံတမန်/သံအဖွဲ့ဝင်၊ ကမ္ဘာလှည့်၊ ဖြတ်သန်း၊ စာနယ်ဇင်း/မီဒီယာ၊ အလုပ်ရုံ/ ဆွေးနွေးပွဲ/အစည်းအဝေး/သုတေသန၊ အလုပ်သမား၊ လုပ်ငန်း၊ လူမှုရေး၊ သာသနာရေး၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပညာရေး၊ ယာဉ်အမှုထမ်း၊ သံတမန်ရဲ့ ဧည့်သည်များ၊ သံတမန် မဟုတ်တဲ့ သံရုံးဝန်ထမ်းများနှင့် ၎င်းတို့ရဲ့မိသားစုဝင် များအတွက် ပြည်ဝင်တို့ ဖြစ်တယ်လို့ သိရပါတယ်။ (NVS-004)