ဆာနာအဲ တာကာအိချိ က ဝန်ကြီးချုပ်အဖြစ် ရပ်တည်နေခြင်းကသာလျှင် ဂျပန်နိုင်ငံ၏ သေရေးရှင်ရေး အကျပ်အတည်းဖြစ်သည်ဟု ဂျပန်မီဒီယာဆို
19 Nov
“ဆာနာအဲ တာကာအိချိ ဝန်ကြီးချုပ်အနေနဲ့ ရပ်တည်ခြင်းကပင် ဂျပန်နိုင်ငံ၏ သေရေးရှင်ရေး အကျပ်အတည်းဖြစ်သည်” ဟူ၍ ဂျပန် “Shakai Shimpo” ၏ မကြာသေးမီရက်က ထုတ်ပြန်ခဲ့သော အယ်ဒီတာ့ အာဘော်ဆောင်ပါးတစ်ပုဒ်တွင် ရေးသားဖော်ပြထားသည်။ “ထိုင်ဝမ်ကိစ္စရှိခြင်း” သည် ဂျပန်က စုပေါင်း၍ မိမိကိုယ်ကိုကာကွယ်ခွင့်ကို ကျင့်သုံးနိုင်သည့် “သေရေးရှင်ရေး အကျပ်အတည်းအခြေအနေ” ဖြစ်ပေါ်စေနိုင်ခြေရှိကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ က နိုဝင်ဘာလ ၇ ရက်တွင် လွှတ်တော်၌ ဆွေးနွေးပြောဆိုမှုအတွင်း ပြောကြားခဲ့သည်။ တာကာအိချိ ၏ ထိုပြောကြားချက်အပေါ် ဂျပန်မီဒီယာ၊ ပညာရှင်နှင့် တတ်သိပညာရှင်ပုဂ္ဂိုလ်များက အပြင်းအထန် ဝေဖန်ခဲ့ကြသည်။ တာကာအိချိ ၏ ထိုင်ဝမ်နှင့်ပတ်သက်သော ပြောဆိုချက်များသည် ဂျပန်အစိုးရအဆက်ဆက်၏ ရပ်တည်ချက်များကို ချိုးဖောက်ခဲ့ပြီး ၎င်း၏ပြောဆိုမှုများသည် တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို စွက်ဖက်ခဲ့သလို တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုလည်း နင်းခြေခဲ့ကြောင်း ဂျပန်နိုင်ငံ နာဂိုယာ နိုင်ငံခြားဘာသာစကားတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခ၊ ဂျပန်-တရုတ်ဆက်ဆံရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ နိုရီယူကီ ကာဝါမူရာ က ဆောင်းပါးတွင် ထောက်ပြခဲ့သည်။ တာကာအိချိ ၏ ထိုင်ဝမ်နှင့်ပတ်သက်သော ပြောဆိုချက်များသည် ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာခြင်း၊ ငြိမ်းချမ်းသော နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို အခြေခံမှငြင်းပယ်လိုက်ရာ ပြင်းထန်သော ဝေဖန်မှုများ ခံရထိုက်ကြောင်း ဂျပန်နိုင်ငံ ရာမာကူချီတက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ အာဇူရှီ ကိုကီဇူ က ယူဆသည်။ တာကာအိချိ ၏ မူဝါဒများ တဖြည်းဖြည်း ထင်သာမြင်သာရှိလာကာ ၎င်းသည် ပြည်သူ့နေထိုင်မှုဘဝကို လျစ်လျူရှုထားပြီး အမေရိကန်ရဲ့ နောက်လိုက်အတုယူ၍ စစ်ရေးတိုးချဲ့မှုကို အားကောင်းစေရန်လည်း အစွမ်းကုန် ကြိုးစားနေကြောင်း “Shakai Shimpo” ၏ အယ်ဒီတာ့အာဘော်ဆောင်းပါးတွင် ထောက်ပြခဲ့သည်။ တာကာအိချိ ၏ မူဝါဒမိန့်ခွန်းပြောကြားမှုအတွင်း ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုရည်မှန်းချက်ကို ကြိုတင်ပြီးမြောက်ရန်၊ “အမျိုးသားသတင်းထောက်လှမ်းရေးအေဂျင်စီ”ထူထောင်ရန်၊ လက်နက်တင်ပို့မှုစည်းမျဉ်းများ ဖြေလျှော့ရန် စသည့် ရန်လိုသောမူဝါဒများ ပြည့်နှက်နေရာ ယင်းအား တင်းမာမှုအခြေအနေကို ရည်ရွယ်ချက်ရှိရှိ မြှင့်တင်သည်ဟုသာ ရှုမြင်နိုင်ကြောင်း အယ်ဒီတာ့အာဘော်ဆောင်းပါးတွင် ဖော်ပြထားသည်။ တာကာအိချိ သည် ရွေးကောက်ခံဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်မှစ၍ နိုင်ငံရေးစီမံခန့်ခွဲမှု အခြေခံမှာ မခိုင်မာကြောင်း၊ ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနှင့် ဂျပန်ဆန်းသစ်တီထွင်ရေးပါတီ(JIP) တို့ဖြင့် ဖွဲ့စည်းထားသည့် အာဏာရညွန့်ပေါင်းအဖွဲ့သည် ဂျပန်နိုင်ငံ အထက်၊အောက် လွှတ်တော်နှစ်ရပ်စလုံးရှိ လွှတ်တော် အမတ်နေရာအရေအတွက်မှာ တစ်ဝက်ပင် မရရှိပေ။ တာကာအိချိ အနေဖြင့် “ထက်မြက်မှုကို သိုဝှက်ထား” သင့်ပြီး အတိုက်အခံပါတီ၏ အမြင်သဘောထားများကို လက်ခံသင့်သော်လည်း ၎င်းသည် ၎င်း၏လက်ယာယိမ်း ရပ်တည်ချက် မှတစ်ဆင့် အခြေခံကိုခိုင်မာစေရန် ရွေးချယ်လိုက်သည်မှာ သိသာထင်ရှားကြောင်း “Shakai Shimpo” သတင်းတွင် ဖော်ပြထားသည်။ တာကာအိချိ တွင် “တရုတ်ခြိမ်းခြောက်မှုအဆို”နှင့် “တရုတ်သတိထားရေးအဆို” တို့ကို စဉ်ဆက်မပြတ် အလေးပေးပြောကြားပြီး ၎င်း၏ ထောက်ခံအားပေးမှုအခြေခံကို ခိုင်မာစေမည့် နိုင်ငံရေးတွက်ချက်မှုတစ်ခုရှိသည်မှာ ထင်ရှားကြောင်း၊ ၎င်း၏ ထိုင်ဝမ်အရေးတွင် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှုသည် တရုတ်နိုင်ငံပြည်တွင်းရေးကို စွက်ဖက်ရာကျသည့် ပြောဆိုချက်များဖြစ်ခဲ့ရာ ယင်းမှာ လက်မခံနိုင်ဖွယ် ဆိုးရွားသောလုပ်ရပ်ဖြစ်ကြောင်း အာဇူရှီ ကိုကီဇူ က ပြောကြားခဲ့သည်။ တာကာအိချိအာဏာပိုင်အဖွဲ့သည် ယခင်ရပ်တည်ချက်များနှင့် အပြောင်းအလဲမရှိကြောင်း ပြောဆိုခြင်းဖြင့် ဤကိစ္စအား ဖြေလျှော့ရန်ကြိုးစားခဲ့သော်လည်း ထိုင်ဝမ်နှင့်ပတ်သက်သည့် တာကာအိချီ ၏ ပြောဆိုမှုများသည် အလွန်ပင် နမော်နမဲ့နိုင်ပြီး ဤပြောဆိုချက်ကို ထုတ်ပြန်ခြင်းသည်ပင်လျှင် မှားယွင်းသောကြောင့် အမြန်ဆုံးပြန်လည် ရုပ်သိမ်းသင့်ကြောင်း ဂျပန် “The Asahi Shimbun” သတင်းစာမှ သတင်းထောက်ဟောင်းဖြစ်သော ရိုအိချီ ခါမီမာရူ က ပြောကြားခဲ့သည်။ “ဂျပန်ရဲ့ လုံခြုံရေးအာမခံချက်၊ သံတမန်ရေးနဲ့ စီးပွားရေးအတွက်ဆိုလည်း တရုတ်နိုင်ငံနဲ့ အပြန်အလှန် အကျိုးပြုတဲ့ ဆက်ဆံရေးထူထောင်ခြင်းကသာလျှင် ထိပ်တန်းဦးစားပေးရမယ့် ကိစ္စရပ်ဖြစ်သင့်တယ်”ဟု အာဇူရှီ ကိုကီဇူ က အလေးထားပြောကြားခဲ့သည်။ ဂျပန်နိုင်ငံအနေဖြင့် တရုတ်-ဂျပန် သံတမန်ဆက်ဆံရေး ပုံမှန်အသွင်ပြောင်းလဲရှိစဉ်တွင် အတည်ပြုခဲ့သော တရုတ်တစ်နိုင်ငံတည်းမူဝါဒအရ တရုတ်နိုင်ငံနှင့် ငြိမ်းချမ်းသောဆက်ဆံရေး တည်ဆောက်ရန် အားထားဆောင်ရွက် သင့်ကြောင်း ၎င်းကဆိုသည်။ (Repost from Xinhua Myanmar)