“အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့မှုအနေဖြင့် နှစ်စဉ်သတ်မှတ်ပမာဏထက် ပိုမိုတင်ပို့ထား”
19 Nov
မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိတဲ့ မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ နှစ်စဉ်သတ်မှတ်ပမာဏထက် ပိုမိုတင်ပို့ထားကြောင်း သိရပါတယ်။ နှစ်နိုင်ငံ ငါးနှစ်သဘောတူစာချုပ်အရ အိန္ဒိယနိုင်ငံသည် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစဉ်းငုံတန်ချိန် ၁ သိန်း အထူးတင်သွင်းခွင့်ပြုထားခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ တင်သွင်းတဲ့ မတ်ပဲနှင့် ပဲစဉ်းငုံပမာဏများက နှစ်စဉ်သဘောတူညီချက်ထားရှိတဲ့ ပမာဏထက် နှစ်စဉ်ပိုမိုနေကြောင်း၊ အိန္ဒိယနိုင်ငံက ၂၀၂၁ ခုနှစ် မေလမှစတင်၍ မတ်ပဲနှင့် ပဲစဉ်းငုံများကို ကန့်သတ်ချက်မရှိ တင်သွင်းခွင့်ပြုခဲ့ပြီး ယခုအခါ ၎င်းသဘောတူညီချက်ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်အထိ တိုးမြှင့်ထားကြောင်း သိရပါတယ်။ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလျံရှိခဲ့ပြီး အိန္ဒိယမှ မြန်မာနိုင်ငံသို့ တင်သွင်းမှုက အမေရိကန်ဒေါ်လာ ၆၁၄ သန်းကျော်သာရှိသော်လည်း မြန်မာမှ တင်ပို့မှုက အမေရိကန်ဒေါ်လာ ၁,၅၃၃ သန်းခန့်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ အိန္ဒိယသို့ တင်ပို့မှုက အိန္ဒိယမှ မြန်မာသို့ တင်သွင်းမှုထက် ပိုမိုမြင့်တက်လာခြင်းမှာ အိန္ဒိယအစိုးက မတ်ပဲနှင့်ပဲစဉ်းငုံတို့ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ကန့်သတ်ချက်မရှိ တင်သွင်းခွင့်ကြေညာခဲ့ပြီးနောက်ပိုင်းတွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ထပ်မံတိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှုတွင် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၁ ဒသမ ၂၉ ဘီလျံမှ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၈၉ ဘီလီယံ၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၇၆ ဘီလီယံနှင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၇၄ ဘီလီယံအထိ တိုးတက်လာခဲ့တာဖြစ်ပါတယ်။ (NVS-004)