“အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး နေပြည်တော်တွင် ကျင်းပပြုလုပ်”
19 Nov
(၆၀) ကြိမ်မြောက် အာဆီယံ ပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နိုဝင်ဘာလ ၁၇ ရက် က နေပြည်တော်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့ပါတယ်။ အဆိုပါအစည်းအဝေးတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေး ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း အာဆီယံအသိုက်ဝန်း ၂၀၄၅ နှင့် အာဆီယံပေါင်းစည်းဆက်သွယ်မှု ၂၀၃၀ နှင့်အညီ အာဆီယံသယ်ယူပို့ဆောင်ရေးလုပ်ငန်းစီမံကိန်း ၂၀၂၆-၂၀၃၀ ဖော်ဆောင်နိုင်ရေးကို ကြိုဆိုကြောင်း အာဆီယံဒေသတွင်း ရေရှည်တည်တံ့သော ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆန်းသစ်တီထွင်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ဆွေးနွေးဖက်နိုင်ငံများ၏ စဉ်ဆက်မပြတ်ပံ့ပိုးမှုက များစွာထိရောက်မှုရှိကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် ကျင်းပခဲ့ပါတယ်။ ယခုတတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် တရုတ်၊ ဂျပန်၊ ကိုးရီယား နှင့် အီးယူစတဲ့ ဆွေးနွေးဖက်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင် တက်ရောက်ခဲ့ကြပါတယ်။ (NVS-004)