မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ မြန်မာ့မြေပေါ်မှ အမြစ်ပြတ်ချုပ်ငြိမ်းအောင် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြား

19 Nov

Online လိမ်လည်လောင်းကစားမှုများကို တိုက်ဖျက်လျက်ရှိရာ ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်နယ်မြေအတွင်း online လိမ်လည်မှုများ၊ online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်မှု မရှိစေရေး နိုင်ငံတော်အစိုးရ အနေဖြင့် ညွှန်ကြားထားရှိပြီး မြေပြင်တွင်လိုက်နာလုပ်ကိုင်ဆောင်ရွက်နေမှု ရှိ/မရှိနှင့် တရားမဝင်လုပ်ငန်းများ လုပ်ဆောင်နေခြင်း ရှိ/မရှိတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ အပါအဝင်အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းမှစ၍ စတင်ရှင်းလင်းဆောင်ရွက်နေပြီဖြစ်ပြီး စစ်ဆေးတွေ့ရှိမှုများအား ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ၏ ပြောကြားချက်အရ သိရ ပါတယ်။ Online လိမ်လည်လောင်းကစားမှုများကို ကျူးလွန်ကြသူများက မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး online လိမ်လည်မှုများ၊ online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြခြင်းဖြစ်ပါတယ်။ အဆိုပါ Online လိမ်လည်လောင်းကစားမှုများကို အဓိကဦးဆောင်ကျူးလွန်ခဲ့ကြသူများမှာ တရုတ်နိုင်ငံသားများအပါအဝင် Social Media မှတစ်ဆင့် နည်းမျိုးစုံဖြင့် မက်လုံးပေးစည်းရုံးမှုကြောင့် နိုင်ငံစုံမှ အလုပ်လာရောက်လုပ်ကိုင်ရင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ရသည့် လူကုန်ကူးခံရသူများနှင့် ရာဇဝတ်မှုများကျူးလွန် ထွက် ပြေးတိမ်းရှောင်နေကြသူများဖြစ်ပါတယ်။ ၎င်းတို့အနေဖြင့် ၂၀၁၅ ခုနှစ်ခန့်မှစ၍ အရှေ့တောင်အာရှနိုင်ငံ အချို့တွင် လုပ်ကိုင်ခဲ့ကြပြီး အိမ်နီးချင်းနိုင်ငံအချို့မှာ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းမှ မြန်မာနိုင်ငံအရှေ့တောင်ဒေသ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ခေတ္တစိုးမိုးထားသည့် မြဝတီဒေသသို့ တစ်ဖက်နိုင်ငံမှတဆင့် နည်းမျိုးစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်ခဲ့ကြသူများအနေဖြင့် မြန်မာနိုင်ငံအတွင်း နယ်မြေဒေသ မတည်ငြိမ်မှုကြောင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတာဝန်ရှိသူများ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲနှင့် ကန့်သတ်ချက်များစွာရှိသည့် ဒေသများ၌ အခွင့်ကောင်းရယူ၍ ဒုစရိုက်လုပ်ငန်းများကျူးလွန်ပြီး ကိုယ်ကျိုးစီးပွား ရှာခဲ့ကြခြင်းဖြစ်ပါတယ်။ ၎င်းတို့ပစ်မှတ်ထား ဆောင်ရွက်ခဲ့ကြသည့် မြဝတီ-မယ်ထော်သလေး KK Park နယ်မြေ၊ ရွှေကုက္ကိုလ်နယ်မြေနှင့် ကျောက်ခက်နယ်မြေတို့တွင် KNLA၊ KNU ကရင်လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၊ NCA လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင် အဖွဲ့များနှင့် နယ်ခြားစောင့်တပ်များလှုပ်ရှားရာ နယ်မြေဒေသဖြစ်ပြီး အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ကိုယ်ကျိုးစီးပွားရှာသူများမှ နည်းမျိုးစုံသုံးချဉ်းကပ်လျက် အခြေခံအဆောက်အဦများနှင့် ရင်းနှီးမြှုပ်နှံမှုများကို လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းများဖြစ်ကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းနေရာများ၌ လူနေထိုင်နိုင်ရန် လိုအပ်သည့် ရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးနှင့် အခြားအခြေခံအချက်အလက်များကိုလည်း တစ်ဖက်နိုင်ငံမှ ရယူခဲ့သည်ကိုတွေ့ရှိရပါတယ်။ လက်ရှိအခြေအနေတွင် KK Park နယ်မြေအား ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ပြီး ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများ၌လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် အပြည့်အဝ လုံခြုံရေးရယူပြီး ဆက်လက်ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကာ Online လိမ်လည် လောင်းကစားမှု ကျူးလွန်မှုများကို ဖော်ထုတ်တွေ့ရှိရပါက ထိရောက်စွာအရေးယူ အမြစ်ပြတ်နှိမ်နင်း ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် ဖော်ထုတ်ဖမ်းဆီးရမိသူများကို မြန်မာနိုင်ငံအတွင်းသို့ အိမ်နီးချင်းနိုင်ငံများမှ တစ်ဆင့် တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီစစ်ဆေး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်အထိ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား စုစုပေါင်း ၆၈,၀၀၉ ဦးကို သက်ဆိုင်ရာနိုင်ငံများအလိုက် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် ရွှေကုက္ကိုလ်နယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ အပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ ဝင်ရောက်စစ်ဆေးစဉ်မှာလည်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး ပိတ်ဆို့ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ နိုဝင်ဘာလ ၁၈ ရက်မှာ ရွှေကုက္ကိုလ်နယ်မြေအတွင်း ရှင်းလင်းဖော်ထုတ်မှုများဆောင်ရွက်စဉ် ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦ ၃ ခုအတွင်းမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိသည့် စိစစ်ဆဲနိုင်ငံခြားသား ၃၄၆ ဦးနှင့် Online လိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးပစ္စည်းအများအပြားကိုလည်း စိစစ်တွေ့ရှိဖမ်းဆီးရရှိခဲ့ပြီး ဆက်လက်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် Online လိမ်လည်လောင်းကစားမှုများ ယင်းဒေသတွင် လုံးဝပြန်လည် အခြေမချနိုင်စေရေး၊ ဒုစရိုက်လုပ်ငန်းများ ထပ်မံမလုပ်ဆောင်နိုင်စေရေးအတွက် ယင်းဒေသတွင် တရားမဝင် ဆောက်လုပ်ထားသည့် အဆောက်အအုံများအား ဇုန်အလိုက်အပြီးတိုင် ဖျက်ဆီးဖြိုချမှုများ ဆောင်ရွက်လျက် ရှိပါတယ်။ ဇုန် ၃ ခုတွင် စုစုပေါင်းအဆောက်အုံ ၆၃၅ လုံးရှိပြီး နိုဝင်ဘာလ ၁၇ ရက်အထိ အဆောက်အအုံ ၁၄၈ လုံးကို ၁၀၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။ ကျန်ရှိနေသေးသည့် အဆောက်အအုံ ၄၈၇ လုံးကိုလည်း ဆက်လက် ဖြိုချရှင်းလင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ရာတွင် ယာဉ်ယန္တရားများဖြင့် စနစ်တကျ ဖြိုချဖျက်ဆီးခြင်း၊ အဆင့်မြင့်နည်းပညာသုံး မိုင်းဖောက်ခွဲဖျက်ဆီးခြင်း နည်းပညာအသုံးပြု၍ စနစ်တကျ ဖောက်ခွဲဖျက်ဆီးခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် တစ်ဖက်နိုင်ငံနှင့် နီးကပ် နေသည့် နေရာဖြစ်လို့ အဆောက်အဦအပျက်အစီးအပိုင်းအစများ တစ်ဖက်နိုင်ငံအတွင်းသို့ ကျရောက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ခဲ့ကြောင်းနှင့် တစ်ဖက်နိုင်ငံက ကန့်ကွက်ခဲ့သည့်အတွက် ဖောက်ခွဲဖျက်ဆီးမှု Video မှတ်တမ်း ဖိုင်များကို ၎င်းနိုင်ငံသို့ တရားဝင်မှတ်တမ်းပေးပို့ခဲ့ပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားထားပါတယ်။ မြန်မာနိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)လောက်ကိုင်ဒေသ၌ အခြေခံ အဆောက်အအုံ များတည်ဆောက်ကာ Online လိမ်လည်လောင်းကစားမှုများ အပါအဝင် အခြားသောတရားမဝင်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြရာမှ မြန်မာနိုင်ငံအစိုးရအနေဖြင့် လောက်ကိုင်ဒေသရှိ Online လိမ်လည်လောင်းကစားမှု ကျူးလွန်နေမှုများအား တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ Task Force ဖွဲ့စည်းကာ ပူးပေါင်းနှိမ်နင်းမှုများကို ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် ဖော်ထုတ်ဖမ်းဆီးရမိသူများသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီစစ်ဆေးကာ ပါဝင်ပတ်သက်သူ ၅၃,၃၈၈ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ Online လိမ်လည်လောင်းကစားမှုများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီဒေသသို့ ရောက်ရှိလာခဲ့ပြီး မုလအိအလင်း ကုမ္ပဏီနှင့် Tran-Asia International Holding Group (Thailand) c KK Park နယ်မြေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အကြောင်းပြ၍ စီမံကိန်းတစ်ရပ်အဖြစ် တည်ဆောက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ရပ်တန့်ထားသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် ၎င်းနယ်မြေရှိ Myanmar Yatai International Holding Group ကုမ္ပဏီနေရာ၊ မြဝတီမြို့နယ်၊ ကျောက်ခက် ကျေးရွာ(Chongkhaed Garden Resort)ရှိ လောင်းကစားရုံများ စသည့် နယ်မြေများအတွင်း၌ အခြေခံအဆောက် အဦများဆောက်လုပ်ကာ Online လိမ်လည် လောင်းကစားမှုများ ကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမေရိကန်နိုင်ငံ၏ ထုတ်ပြန်ချက်တွင် ခရစ်တိုငွေကြေးနှင့် OnLine လိမ်လည်မှုများက မြန်မာနိုင်ငံအတွင်း တည်ရှိနေပြီး လိမ်လည်မှုစင်တာများလည်းရှိနေကြောင်း၊ ၎င်းအဖွဲ့များကို Royal Thai Police အဖွဲ့နှင့် ပူးပေါင်းကာ ရှင်းလင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် နေကြောင်းကို ထုတ်ပြန်ထားရှိပြီး ၎င်းထုတ်ပြန်ချက်အရ နောက်ကွယ်တွင် နက်နဲတဲ့လျှို့ဝှက်ရည်ရွယ်ချက်တစ်ခု ရှိနေတယ်ဆိုတာ သုံးသပ်မိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအစိုးရက မြန်မာ-ထိုင်း-တရုတ် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် ပူးပေါင်းနှိမ်နင်းလျက်ရှိပြီး KNLA ၊ KNU လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် NUG လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့ဝင်များ ခေတ္တစိုးမိုးထိန်းချုပ်ထားသည့် မြဝတီ-မဲ့ထော်သလေး (KK Park)နယ်မြေအတွင်းသို့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် အကြမ်းဖက်သောင်းကျန်းသူနှိမ်နင်းမှု စစ်ဆင်ရေးဖြင့် ဝင်ရောက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကာ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားခြင်း ကျူးလွန်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း၍ တင်းတင်းကြပ်ကြပ် ပြတ်ပြတ်သားသား ကိုင်တွယ်ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း မြန်မာနိုင်ငံအတွင်း ပိုင်နက်နယ်မြေကိုအသုံးချ၍ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအပေါ် ရာဇဝတ်မှုများ ကျူးလွန်နေမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားရှိပြီး ဖြစ်ပါတယ်။ မကြာမီရက်ပိုင်းအတွင်း သွားရောက်ခဲ့သည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ခရီးစဉ်များတွင်လည်း ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့်တွေ့ဆုံစဉ် Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်မှု များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်၍လည်း ပြတ်သားစွာချေမှုန်းသွားမည်ဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားမှု ကျူးလွန်မှုများကို မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပသည့် တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည့် Online လိမ်လည်မှုများ ပူးပေါင်းတိုက်ဖျက်ရေးအစည်းအဝေးတွင် ပါဝင်သည့်နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်လည်း Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်မှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိပါက သက်ဆိုင်ရာသို့ပေးပို့ခြင်းဖြင့် Online လိမ်လည်လောင်းကစားမှုကျူးလွန်မှုများ ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ပူးပေါင်းပါဝင်တိုက်ဖျက်သွားကြပါရန် သတင်းထုတ်ပြန်ခဲ့ပါတယ်။(NVS 004)

19 Nov

ADVERTISE HERE .