“ဘက်ထရီလျှပ်စစ်စက်ခေါင်းများအသုံးပြုပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် နေပြည်တော် -မန္တလေး ရထားခရီးစဉ်များပြေးဆွဲမည်”

18 Nov

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေနဲ့ ခရီးသွားပြည်သူများ ရထားဖြင့် ခရီးသွား လာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေး လျက်ရှိပါတယ်။ ဘက်ထရီလျှပ်စစ်စက်ခေါင်းများ အသုံးပြုပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် နေပြည်တော်-မန္တလေးနှင့် မန္တလေး-နေပြည်တော်ခရီးစဉ်များကို နိုဝင်ဘာလ ၂၂ ရက်မှစတင်၍ လက်ရှိ RBE တွဲဆိုင်းများဖြင့် ပြေးဆွဲနေသော အမှတ်(၂၇)အဆန်၊ နေပြည်တော်-မန္တလေးနှင့် အမှတ်(၂၈)အစုန်၊ မန္တလေး-နေပြည်တော် ရထားခရီးစဉ်များကို ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် ပြေးဆွဲမည့် အမှတ်(၂၇)အဆန် ခေတ်မီလေအေးပေးစက်ပါ လေအိတ်ရထား သည် နေပြည်တော်ဘူတာမှ မွန်းတည့် ၁၂ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ်(၂၈)အစုန် ခေတ်မီလေအေးပေးစက်ပါ လေအိတ်ရထားသည် မန္တလေးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာပြီး နေပြည်တော်ဘူတာသို့ နံနက် ၁၁ နာရီတွင် ဆိုက်ရောက်မှာဖြစ်ပါတယ်။ မန္တလေးမှ ရန်ကုန်သို့ ဆက်လက်လိုက်ပါလိုသည့် ခရီးသည်များအနေနဲ့ နေပြည်တော်ဘူတာမှ မွန်းတည့် ၁၂ နာရီတွင် စတင် ထွက်ခွာမည့် အမှတ်(၈)အစုန် ခေတ်မီ DEMU ရထားဖြင့် ဆက်လက်လိုက်ပါနိုင်ပြီး ရန်ကုန်သို့ ညနေ ၅ နာရီခွဲတွင် ဆိုက်ရောက်မှာဖြစ်ပါတယ်။ ထို့အတူ ရန်ကုန်မှ နံနက် ၆ နာရီတွင်ထွက်ခွာမည့် အမှတ်(၃၁)အဆန် ခေတ်မီ DEMU ရထားဖြင့် လိုက်ပါ လာသည့် ခရီးသည်များအနေနဲ့ မန္တလေးသို့ ဆက်လက်လိုက်ပါလိုပါက အထက်ပါ ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် ပြေးဆွဲမည့်ရထားတွင် ချိတ်ဆက်စီးနင်းနိုင်ကြောင်း သိရပါတယ်။ နေပြည်တော်-မန္တလေး-နေပြည်တော် ခရီးစဉ်ပြေးဆွဲမည့် လေအိတ်ရထားတွဲဆိုင်းတွင် ရိုးရိုးတန်းလေအိတ် လူစီးတွဲ နှစ်တွဲ၊ လေအေးပေးစက်ပါ အထက်တန်း လေအိတ်လူစီးတွဲ နှစ်တွဲနှင့် လေအိတ်ဘရိတ်တွဲ တစ်တွဲ စုစုပေါင်းတွဲ ငါးတွဲဖြင့် ခရီးသည် ၂၃၈ ဦး လိုက်ပါစီးနင်းနိုင်မှာဖြစ်ပါတယ်။ လက်မှတ်ခနှုန်းထားမှာ မန္တလေး-နေပြည်တော်၊ နေပြည်တော်-မန္တလေးခရီးစဉ်အတွက် ရိုးရိုးတန်း ငွေကျပ် ၁၅,၀၀၀၊ အထက်တန်းငွေကျပ် ၂၀,၀၀၀ ဖြစ်ပြီး လက်မှတ်များကို မိမိတို့ သွားရောက်လိုသည့် ခရီးစဉ်များအတိုင်း ငါးရက်ကြိုတင်၍ တယ်လီဖုန်းဖြင့်ကြိုတင်မှာယူပြီး MMQR စနစ်ဖြင့် အွန်လိုင်းမှလည်း ငွေပေးချေနိုင်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာဘူတာများတွင် အထက်တန်းလက်မှတ်ကို သုံးရက်နှင့် ရိုးရိုးတန်းလက်မှတ်ကို တစ်ရက် ကြိုတင်၍ ဝယ်ယူရရှိနိုင်ပြီး နေပြည်တော်-မန္တလေး ခရီးစဉ်တစ်လျှောက် တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည်နှင့် ကျောက်ဆည် ဘူတာလေးခု၌သာ ရပ်တန့်ပေးသွားမည်ဖြစ်ကာ ဘူတာများတွင် ရပ်တန့်ချိန်အပါအဝင် ခရီးစဉ် အစအဆုံးပြေးဆွဲချိန် ငါးနာရီသာကြာမြင့်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

18 Nov

ADVERTISE HERE .