“ဆုတောင်းပြည့် မယ်လမုစေတီတော်ကြီး၏ (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်”

18 Nov

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့် မယ်လမုစေတီတော်ကြီး၏ (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မယ်လမုစေတီတော်ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကြီး ကျင်းပနိုင်ရေးအတွက် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲကို နိုဝင်ဘာလ ၁၅ ရက်က စေတီတော်ကြီးဂေါပကအဖွဲ့ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားတွင် ဆုတောင်း ပြည့်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂေါပကအဖွဲ့မှကြီးမှူးကျင်းပမည့် (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ကျင်းပနိုင်ရေးအတွက် ဘာသာရေးဆိုင်ရာကိစ္စများ၊ ပွဲတော်ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်မည့်အစီအစဉ်များအား တင်ပြလျှောက်ထားခဲ့ကြပါတယ်။ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရာတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်မှာ ဗုဒ္ဓါဘိသေက အနေကဇာတင်ကာ မဟာပဋ္ဌာန်းကျမ်းမြတ်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်အထိ ရွတ်ဖတ်ပူဇော်သွားမှာဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်တွင် ဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ် ၁၀၉ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူမည် ဖြစ်ရာ ပွဲတော်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၂ ရက်အထိ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

18 Nov

ADVERTISE HERE .