“တရားဝင်ခွင့်မပြုထားသော Crypto Assets များ ရောင်းဝယ်ခြင်း၊ သိုလှောင်၊သိမ်းဆည်းခြင်းများ မပြုလုပ်ရေး ဗဟိုဘဏ်က အသိပေး”
18 Nov
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေကြေးများ (ခရစ်ပ်တိုငွေကြေးအပါအဝင်)ကို Online (သို့) ကိုယ်တိုင်ရောင်းဝယ်ခြင်းကို ခွင့်ပြုထားခြင်းမရှိကြောင်း ထုတ်ပြန်ကြေညာထားခဲ့ပြီး ဒစ်ဂျစ်တယ်ငွေကြေးများ (ခရစ်ပ်တိုငွေကြေးအပါအဝင်)ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမရှိသလို ရောင်းဝယ်လဲလှယ်ခြင်း များအတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ခွင့်ပြုထားခြင်းမရှိပါကြောင်း အမိန့်ကြော်ငြာစာကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံနည်းတူ တရုတ်၊ အိန္ဒိယ၊ အယ်လ်ဂျီးရီးယား၊ ဘိုလီးဗီးယား၊ အီဂျစ်၊ နီပေါ၊ ပါကစ္စတန်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အန်ဂိုလာနှင့် ကိုလံဘီယာစသည့် နိုင်ငံများအနေနဲ့ ဒစ်ဂျစ်တယ် ငွေကြေးများ (ခရစ်ပ်တိုငွေကြေး အပါအဝင်) ကို တရားဝင်အသိအမှတ်ပြုထားခြင်းတော့ မရှိသေးတာ ဖြစ်ပါတယ်။ အဆိုပါနိုင်ငံအများစုမှာ တရားဝင်ငွေကြေးအဖြစ် အသိအမှတ်ပြုထားခြင်းမရှိသော်လည်း ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုအဖြစ် ခွင့်ပြုခြင်း၊ အချို့နိုင်ငံများမှာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုခြင်းများရှိကြောင်း သိရပါတယ်။ တရုတ်နိုင်ငံမှာ Crypto Currency များက တရားဝင်မှုမရှိသော်လည်း ဗဟိုဘဏ်ဒစ်ဂျစ်တယ် ငွေကြေးအသွင်ဆောင် တဲ့ (E-CNY) ကို စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်လည်း CBDC နှင့်ပတ်သက်၍ သုတေသနအဆင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ Crypto ငွေကြေးများနှင့်ပတ်သက်၍ အချို့သောအစိုးရများက ပြည်သူလူထုကို တရားဝင်အသုံးပြုခြင်း မရှိစေရန် တားမြစ်ထားသည်မှန်သော်လည်း ခေတ်ကာလပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ပြည်သူလူထု အကြားမှာ ယင်းကို စုဆောင်းခြင်း၊ ရောင်းဝယ်မှုပြုခြင်းများ တိုးတက်များပြားလာပါတယ်။ တန်ဖိုးအတက်အကျများမှုအပေါ် အခြေခံ၍ အကျိုးအမြတ်များ ပိုမိုရရှိရန် မျှော်လင့်၍ ယင်း Crypto Assets များအပေါ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သူများ များပြားလာတဲ့နည်းတူ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခို၊ လူကုန်ကူး၊ ကျားဖြန့်၊ AML/CFT အစရှိတဲ့ တရားမဝင်ဒုစရိုက်လုပ်ငန်းများကလည်း ဘဏ်စာရင်းများအား အသုံးပြုရန်မလိုခြင်း၊ အခွန်တိမ်းရှောင်နိုင်ခြင်း စသည်တို့ကြောင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို Cryto Assets များအဖြစ် သိမ်းဆည်းခြင်းများ ရှိလာခဲ့ပါတယ်။ ယခင်က တရားမဝင်လုပ်ငန်းလုပ်ကိုင်သူများသည် မိမိတို့၏ ပိုင်ဆိုင်မှုကို လွတ်လပ်စွာရွှေ့ပြောင်းရန်နှင့် အခွန်တိမ်းရှောင်ရန်တို့အတွက် ဒစ်ဂျစ်တယ်ငွေကြေးများ (ခရစ်ပ်တိုငွေကြေးအပါအဝင်)ကို သိုလှောင်ထားရှိခဲ့ သော်လည်း နောက်ပိုင်းတွင် အစိုးရများက ခရစ်တို ငွေကြေးပိုင်ဆိုင်မှုများကို ရှာဖွေထိန်းချုပ်နိုင်သည်ဆိုတဲ့ အမြင်များရှိလာ၍ ဒုစရိုက်လုပ်ငန်းများအနေဖြင့် ခရစ်ပ်တို ငွေကြေးကိုင်တွယ်အသုံးပြုမှုများကို ပိုမိုသတိထား လုပ်ဆောင်လာနိုင်ပြီး ခရစ်ပ်တိုငွေကြေး (Bit Coin) အသုံးပြုမှုများ လျော့ကျလာနိုင်ကြောင်း သိရပါတယ်။ Crypto Currency ဈေးကွက်က ဈေးနှုန်းအလွန်အမင်းအတက်/အကျ မြန်ဆန်ခြင်းကြောင့် ရင်းနှီးမြှပ်နှံသူ များအတွက် ငွေကြေးဆုံးရှုံးနိုင်မှုများဖြစ်ပွားနိုင်ခြင်းအပြင် စည်းမျဉ်းများ ကြီးကြပ်ထိန်းကျောင်းမှုနည်းခြင်း၊ Online Security ကျိုးပေါက်မှုများဖြစ်ပေါ်နိုင်ခြင်း၊ Hacking ခံရနိုင်ခြင်းများကြောင့် မိမိပိုင်ငွေကြေးများကို ဆုံးရှုံးစေနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် ပြည်သူများအနေနဲ့ ဘဏ်များမှတစ်ဆင့် တရားဝင်ငွေကြေးများ လွှဲပြောင်းခြင်းကိုသာ အသုံးပြုရန် ဗဟိုဘဏ်က အသိထုတ်ပြန်ထားပါတယ်။ (NVS-004)