“ပဲမျိုးစုံအရောင်းအဝယ်များကို ကုန်ပစ္စည်းမပါဘဲ အရောင်းအဝယ်ပြုလုပ်ခြင်း လုံးဝမပြုလုပ်ရန်ထုတ်ပြန်”

18 Nov

ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်ရာမှ ပြည်ပသို့တင်ပို့သည်အထိ ပြည်တွင်း၊ ပြည်ပ ပဲဈေးကွက် မှန်ကန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပဲမျိုးစုံအရောင်းအဝယ်ကို ကုန်ပစ္စည်းမပါဘဲ အလျော်အစားငွေနဲ့ အရောင်းအဝယ် ပြုလုပ်ခြင်း(လေရောင်း/လေဝယ်)လုံးဝ(လုံးဝ)မပြုလုပ်ရန် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းက အသိပေးထုတ်ပြန်ပါတယ်။ ကုန်ပစ္စည်းမပါဘဲ အရောင်းအဝယ်ဆောင်ရွက်နေသူများကို အသင်း၏ စည်းမျည်းစည်းကမ်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သတိပေးထားပါတယ်။ အဆိုပါထုတ်ပြန်ချက်ကို ယခုနိုဝင်ဘာလ ဒုတိယအပတ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံပဲမျိုးစုံ၊ပြောင်းနှင့်နှမ်းကုန်သည်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်)တို့ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုဝင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးထွက်ရှိတဲ့ ပဲမျိုးစုံကို အိန္ဒိယဈေးကွက်သို့ အဓိကတင်ပို့လျက်ရှိပြီး ဈေးကွက်အသစ် ရှာဖွေတင်ပို့ခြင်းထက် ရှိပြီးသားဈေးကွက်များသို့ ပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ တင်ပို့မှုအနေနဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲယဉ်း၊ ထောပတ်ပဲ စတဲ့ ပဲအမျိုးအစားပေါင်း ၂၀ ခန့် တင်ပို့လျက်ရှိပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ပဲမျိုးစုံတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့် ရရှိဖို့ မျှော်မှန်းထားပြီး အဆိုပါကာလအတွင်း ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၃ သန်း တင်ပို့ဖို့လျာထား ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂ ဘီလီယံ တန်ဖိုးရှိတဲ့ ပဲမျိုးစုံ တန်ချိန် ၂ ဒသမ ၁၄ သန်း တင်ပို့ထား နိုင်ခဲ့ပါတယ်။ (NVS-004)

18 Nov

ADVERTISE HERE .