“ကန့်ဘလူမြို့မှာ မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်မဲပေး”

18 Nov

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့တော်ခန်းမမှာ နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၈ နာရီခွဲက မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ကန့်ဘလူ မြို့နယ်ရှိ မဲဆန္ဒရှင်များမဲပေးရာမှာ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များကို လွယ်ကူစွာအသုံးပြု မဲပေးနိုင် ရေးအတွက် ကျင်းပခြင်းဖြစ်ပါတယ်။ ကန့်ဘလူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဉာဏ်တင့်၊ ကန့်ဘလူမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်မောင်ချို တို့က အမှာစကားပြောကြားပြီး ကန့်ဘလူခရိုင်ရွေးကောက်ပွဲကော်မရှင်မှ ဦးရဲမင်းသော် က မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အချက်အလက်များ၊ အသုံးပြုခြင်း ရည်ရွယ်ချက်၊ မဲပေးပုံ၊ မဲရလဒ်ရေတွက်ပုံ စသည့် မဲပေးစက်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီနောက် တက်ရောက်လာသူ မြို့ပေါ်ရပ်ကွက် ၅ ခုမှ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လွှတ်တော်သုံးရပ်အတွက် လက်တွေ့သရုပ်ပြမဲပေးခဲ့ကြပါတယ်။ အခမ်းအနားသို့ ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲ အရာရှိများ နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် ၅ ခုမှ မဲဆန္ဒရှင် ၂၈၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (NVS-004)

18 Nov

ADVERTISE HERE .