“အာဆီယံတရားသူကြီးချုပ်များကောင်စီအစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့”
18 Nov
စင်ကာပူနိုင်ငံတရားလွှတ်တော်၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၁၃ ရက်မှ ၁၅ ရက်ထိ ကျင်းပခဲ့တဲ့ (၁၂)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီအစည်းအဝေးကို ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအစည်းအဝေးမှာ အာဆီယံတရားရေးပေါ်တယ်လုပ်ငန်းအဖွဲ့၊ တရားမမှုခင်းများဆိုင်ရာလုပ်ငန်းအဖွဲ့၊ မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးနည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ နိုင်ငံဖြတ်ကျော်ဖြစ်ပွားသည့် မိသားစုမှုခင်းဆိုင်ရာစတဲ့ ဆောင်ရွက်ပြီးလုပ်ငန်းများနှင့် အဆိုပြုချက်များ အစီရင်ခံစာများကို ကောင်စီသို့ တင်ပြချက်ရယူခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတရားစီရင်ရေးနှင့် သက်ဆိုင်တဲ့အကြောင်းရာများကို ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် (၁၂) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များ ကောင်စီအစည်းအဝေးရလဒ်ဖြစ်တဲ့ စင်ကာပူ ကြေညာစာတမ်းကို အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အားလုံးက ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ ကောင်စီအစည်းအဝေးနှင့်အတူ ပူးတွဲကျင်းပတဲ့ ဆွေးနွေးပွဲနှင့် အစည်းအဝေးများဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုများဆိုင်ရာဆွေးနွေးပွဲ၊ လူမွဲခံယူခြင်းဆိုင်ရာ အာဆီယံတရားသူကြီးများအစည်းအဝေး၊ အာဆီယံဒေသ တွင်း နိုင်ငံဖြတ်ကျော် ဥပဒေကျင့်သုံးမှုဆိုင်ရာဆွေးနွေးပွဲနှင့်အသိညဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အစည်းအဝေးများမှာ မြန်မာနိုင်ငံအနေနဲ့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေး ကို ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပနေပြီး အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့် တရားစီရင်ရေးဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါတယ်။ (NVS-004)