“ဂျပန်နိုင်ငံမှာ Hall of Fame ဆုကို လက်ခံရယူခဲ့တဲ့ အောင်လအန်ဆန်”
17 Nov
ONE Championship အဖွဲ့ကနေ ကစားသမားဘဝ အနားယူတော့မယ့် မြန်မာဖိုက်တာ အောင်လအန်ဆန်ကို Hall of Fame ဆုချီးမြှင့်သွားခဲ့ပါတယ်။ နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ONE-173 ပြိုင်ပွဲ၌ ချီးမြှင့်ခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ ONE Championship အဖွဲ့အစည်းရဲ့ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သလို ကစားသမားဘဝဖြတ်သန်းမှုနဲ့ ဂန္ထဝင်စံပြုထိုက်သူအဖြစ်သတ်မှတ်ခံရပြီး Hall of Fame ဆုကို ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ ၂၀၀၅ ခုနှစ်မှာ MMA လောကကို စတင်ဝင်ရောက်ခဲ့ပြီး ONE Championship အဖွဲ့အစည်းနဲ့ ၂၀၁၄ခုနှစ်က စတင်လက်တွဲခဲ့ပါတယ်။ ကစားသမားဘဝ စုစုပေါင်း ၄၇ ပွဲထိုးသတ်ခဲ့ရာ ၃၁ ပွဲနိုင်၊ ၁၅ ပွဲရှုံးနိမ်ခဲ့တာ ဖြစ်ပါတယ်။ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ကာလအတန်ကြာ ရပ်တည်နိုင်ခဲ့ပြီး World MMA Awards ဆုအဖြစ် ၂၀၁၈ ခုနှစ်အတွက် International Fighter of the year ဆု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အောင်လအန်ဆန်ရဲ့ ကစားသမားဘဝနောက်ဆုံးပွဲအဖြစ် အောက်တိုဘာလ ၄ ရက်က ဆွီဒင်နိုင်ငံသား ကိတ်စတမ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရာ ဒုတိယအချီမှာ အလဲထိုးအနိုင်ရခဲ့ပြီး ကစားသမားဘဝ နောက်ဆုံးပွဲကို အနိုင်နဲ့အဆုံးသတ်နိုင်ခဲ့ တာဖြစ်ပါတယ်။ ONE Championship အဖွဲ့အစည်းကပေးတဲ့ Hall of Fame အစီအစဉ်မှာ ကစားသမား အနည်းငယ်သာ ထည့်သွင်းဂုဏ်ပြုတာကိုခံခဲ့ရပြီး အဲဒီထဲမှာ အောင်လအန်ဆန်က တတိယမြောက် ဂုဏ်ပြုခံရသူ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)