“မကွေးမြို့ရှိ မြေဧရိယာ ၂၀ ဧကခန့် အိမ်ရာစီမံကိန်းအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို EoI ခေါ်ယူ”

17 Nov

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မြေဧရိယာ ၂၀ ဧကခန့် ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ အိမ်ရာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို စိတ်ပါဝင်စားမှု အဆိုပြုလွှာ (Expression of Interest – EoI) ခေါ်ယူထားကြောင်း တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေ သိရပါတယ်။ အဆိုပါအိမ်ရာစီမံကိန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး မြေနေရာဟာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲခွင့်ရှိတဲ့ မြေနေရာဖြစ်တာကြောင့် လက်ရှိမှာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတွေကို ဌာနအလိုက် ဟင်းသီးဟင်းရွက်နှင့် မွေးမြူရေးဇုန်အဖြစ် အသုံးပြုခွင့်ပေးထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ရင်းနှီးတည်ဆောက်လိုတဲ့ ပြည်တွင်း/ပြည်ပကုမ္ပဏီတွေအနေနဲ့ မကွေးမြို့၊ မင်းလှတောင်ကျေးရွာ အိမ်ရာစီမံကိန်းကို Developer အနေနဲ့ အကောင်အထည်ဖော်ဖို့ စိတ်ဝင်စားပါက စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလျှောက်လွှာ(EoI)များကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့လိပ်မူ၍ လာမယ့်ဒီဇင်ဘာလ ၁၃ ရက် ညနေ ၃ နာရီ အရောက်ပေးပို့တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။ ရင်းနှီးတည်ဆောက်လိုတဲ့ ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းနှင့် EoI လျှောက်လွှာထုတ်ယူလိုကြောင်း တင်ပြစာ၊ သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ရင်းနှီးတည်ဆောက်လိုသူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံ၊ ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်မယ့် အချက်အလက်တွေကို တစ်ပါတည်း တင်ပြရမှာဖြစ်ပြီး EoI အဆိုပြုလွှာပုံစံများကိုလည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ လာရောက် ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။ (NVS 004)

17 Nov

ADVERTISE HERE .