“ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများကို CI မှ PJ ထုတ်ပေးနေတဲ့ဌာနခွဲ ရက်အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်း”
17 Nov
ထိုင်းနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် Certificates of Identification(CI) မှ နိုင်ငံကူးလက်မှတ် (PJ) သို့ ပြောင်းလဲထုတ်ပေးနေတဲ့ ဌာနခွဲကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာသံအရာရှိရုံးက အသိပေးထုတ်ပြန် ထားပါတယ်။ အဆိုပါဌာနကို နိုဝင်ဘာလ ၁၅ ရက်မှစတင်ကာ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး ယာယီအချက်အလက် ကောက်ယူရေးဌာနခွဲပြန်လည်ဖွင့်လှစ်မည့် နေ့ရက်ကို ပြန်လည်အသိပေးကြေညာသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ ကိုယ်ရေးနောက်ကြောင်း စိစစ်ပြီး၍ နိုင်ငံကူးလက်မှတ်ထုတ်ယူရန် ကျန်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ အနေနဲ့ မိမိတို့၏ နိုင်ငံကူးလက်မှတ်များကို လာရောက်ထုတ်ယူကြရန် အသိပေးထားပါတယ်။ အဆိုပါဌာနက ထိုင်းနိုင်ငံရှိ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity -CI) ကိုင်ဆောင်ထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများအနက် နိုင်ငံသားအထောက်အထား ပြည့်စုံမှန်ကန်သူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးနိုင်ရေးအတွက် ကိုယ်ရေးအချက်အလက် ကောက်ယူခြင်းကို ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ (Temporary Data Collection Center – TDCC)မှာ ဆောင်ရွက်ပေးနေတဲ့ဌာနတစ်ခုလည်း ဖြစ်ပါတယ်။ (NVS 004)